တိုက်ကြီးမြို့ပေါ်တွင် ညအချိန် လုယက်မှုများ ဆက်တိုက်ဖြစ်ပေါ်သဖြင့် ပြည်သူများ ထိတ်လန့်နေ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် တိုက်ကြီးမြို့ပေါ်မှာ နိုဝင်ဘာလအတွင်း ညအချိန်လုယက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် မြို့နေပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ နယ်မြေလုံခြုံရေး မှုခင်းကျဆင်ရေးကို အလေးထား ဆောင်ရွက်ပြီး လုယက်မှုများ မဖြစ်ပွားအောင် ကာကွယ်တားဆီးမှုတွေ ပြုလုပ်ပေးဖို့ လိုလားနေတယ်လို့ မြို့နေပြည်သူတွေက ဒီဗွီဘီကို ပြောပါတယ်။ တိုက်ကြီးမြို့နေ ပြည်သူတဦးဖြစ်သူ ဦးမျိုးမင်းသူက “တိုက်ကြီးမှာ အခု လုယက်မှုတွေ ဖြစ်နေတာ လူငယ်တွေ ဖြစ်နေတယ်။ အဓိကကတော့ မြို့မှာ လုံခြုံရေး အားနည်းတာပေါ့နော်။ အခုဖြစ်တဲ့ နေရာတွေက လုံခြုံရေးရဲကင်းနဲ့ နီးတဲ့ နေရာတွေ၊ စစ်တပ် နောက်ကျောတွေ၊ အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်တဲ့ နေရာတွေမှာ ဖြစ်နေတော့ ပြည်သူတွေက ပိုပြီးထိတ်လန့်တာပေါ့။ ရဲတပ်ဖွဲ့တွေကလည်း နယ်မြေလုံခြုံရေးတို့ မှုခင်းကျဆင်းရေးကို ရွာတွေဘက်အထိ ဆင်း မလုပ်ကြတော့ လုယက်တဲ့သူတွေကလည်း ရဲတွေတော့ မလာနိုင်ပါဘူးဆိုပြီး အတင့်ရဲနေကြတာ ဖြစ်မှာပါ။ မြို့မှာက မူးယစ်ဆေးဝါးတွေ ဖမ်းဆီးတာတွေကို ထိထိရောက်ရောက် မဖမ်းဆီး နိုင်တာတွေ၊ အလုပ်အကိုင် ရှားပါးတာတွေကြောင့် လူငယ်တွေ အခုလို ပျက်စီးနေတာ ဖြစ်နိုင် သလို တချို့အလုပ်အကိုင် မယ်မယ်ရရမလုပ်ချင်တဲ့သူတွေလည်း ဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။ “အဲ့နေ့က ကျမ အလုပ်က စက်ဘီးစီးပြီး အပြန် နောက်က ဆိုင်ကယ်တစီး လိုက်လာ တာကို တွေ့တော့ ကျော်သွားမယ် ထင်တာပေါ့။ ရှမ်းစုလမ်းထဲ ရောက်ပြီး မှောင်တဲ့နေရာ ရောက်တော့ အနားကပ်လာပြီး စက်ဘီးခြင်းထဲက အိတ်ကိုယူပြီး ဆိုင်ကယ်ကို မောင်းပြေး သွားတယ်။ လူကတော့ အသက် ၂၀ ကျော်လောက်ရှိမယ်။ မှောင်နေတော့ မျက်နှာ သေချာ မတွေ့ရဘူး။ ငွေအနည်းငယ်နဲ့ ဖုန်းတလုံး ပါသွားတယ်။ ကျမလိုပဲ အလုခံရတဲ့သူတွေ ရှိပါတယ်။ ဒီရက်ထဲမှာ ဆိုင်ကယ်အလုခံရတာတွေ၊ ဆွဲကြိုးအလုခံရတာတွေ ဆက်တိုက်ဖြစ်နေပြီး မိန်းကလေးရော ယောက်ျားလေးရော ညဘက် အကြောင်းရှိလို့ တယောက်တည်း အပြင်ထွက်ဖို့ မလုံခြုံသလို ဖြစ်နေပါတယ်”လို့ အလုခံရသူ အမျိုးသမီးတဦးက ပြောပါတယ်။ တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းထွန်းလတ်က “ဒီရက်ပိုင်း လုယက်မှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ကို တိုင်တန်းတာတွေ မရှိပါဘူး။ ၁၀ လပိုင်းကတော့ လုယက်မှုနဲ့ ပတ်သက်ပြီး ၃ ယောက် ဖမ်းဆီးမိတာကို အရေးယူထားပါတယ်။ နယ်မြေလုံခြုံရေးတို့၊ မှုခင်းကျဆင်းရေးတို့အတွက် ညဘက် ကင်းလှည့်တာတွေ၊ အသွင်ပြောင်း စောင့်ကြည့်တာတွေ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး နယ်မြေစိုးမိုးရေးတို့အတွက် သေသေချာချာ စောင့်ကြည့်နေပါတယ်”လို့ ပြောပါတယ်။ သတင်း - မေသွယ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up