မဲပြားများတွင် ဖယောင်းသုတ် မသုတ် ကော်မရှင် စုံစမ်းမည်
ရွှေအောင်
·
April 7, 2012
ဧပြီ ၁ ရက်က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပြားတွေပေါ် ဖယောင်းသုတ်ထားတယ် ဆိုတဲ့ကိစ္စကို ကော်မရှင်က စုံစမ်းဖော်ထုတ်တော့မှာ ဖြစ်ပါတယ်။
မဲပြားတွေမှာ ဖယောင်းသုတ်မသုတ် စုံစမ်းဖော်ထုတ်ဖို့ အဖွဲ့တွေ ဖွဲ့စည်း ပေးထားပြီးပြီလို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ဒီဗီဘီကို ခုလိုပြောပါတယ်။
“၄ မြို့နယ်မှာ စုံစမ်းစစ်ဆေးဖို့ အဖွဲ့ ၄ ခု ဖွဲ့ထားပေးတယ်။ တနင်္လာနေ့ကစပြီး သွားပြီးတော့ စစ်ဆေးမှုတွေ လုပ်တော့မှာပါ။ result (ရလဒ်) ကတော့ မထွက်သေးဘူး။ ဘယ်လိုကြောင့် အဲဒီသတင်းထွက်သလဲဆိုတာ ကိုယ်လည်း စဉ်းစားလို့ မရနိုင်အောင် ဖြစ်နေတယ်။”
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်အရ အခုလို ဆောင်ရွက်တာဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄ ခုမှာ စုံစမ်းဖော်ထုတ်မှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းထဲ ကြားဖြတ်ရွေးကောက်ပွဲကို မြို့နယ် ၆ ခုမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဖယောင်းသုတ်တဲ့ကိစ္စကိုတော့ ကော့မှူး၊ မင်္ဂလာတောင်ညွှန့်၊ ဒဂုံဆိပ်ကမ်းနဲ့ မရမ်းကုန်းမြို့နယ်တွေမှာ စုံစမ်းစစ်ဆေး ဖော်ထုတ်မှာ ဖြစ်ပါတယ်။
မဲပြားတွေမှာ ဖယောင်းသုတ်ထားတဲ့ကိစ္စ စုံစမ်းဖော် ထုတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဧပြီ ၁ ရက်နေ့ကတည်းက ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။