အပစ်ရပ်ရေးဆိုင်ရာ ကျင့်ဝတ် ကေအန်ယူ ဆွေးနွေး
အေးနိုင်
·
April 5, 2012

ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်တွေဟာ မနက်ဖြန်ကျရင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမယ်လို့ ရန်ကုန်မြို့ရောက် ကေအန်ယူကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရသူ စောကွယ်ထူးဝင်းက ပြောပါတယ်။
[caption id="attachment_23819" align="alignleft" width="300" caption="photo-reuters"]
[/caption]
ကေအဲန်ယူအဖွဲ့ဟာ ဇန်နဝါရီလက ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်ထားဖို့ ပဏာမသဘောတူခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဖက် အသေးစိတ် နှစ်ဖက်လိုက်နာကြရမယ့် ကျင့်ဝတ်ချမှတ်ရေးကိစ္စ အပါအဝင် အပစ်ရပ်ရေး အသေးစိတ် အချက်အလက်တွေကို မနေ့က ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ဆွေးနွေးခဲ့ကြသလို မနက်ဖြန်မှာလည်း ထပ်မံဆွေးနွေးမယ်လို့ စောကွယ်ထူးဝင်းက ပြောပါတယ်။
“အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်း အချက်အလက်တွေကိုလည်း ဒီအပေါ်မှာလည်း ပါတယ်။ ဒီအချက်အလက်ထဲမှာ လူထုရေးရာနဲ့ ပတ်သက်ပြီး ဆက်စပ်နေတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ဒေသမှာ လုယက်မှု ခံစားနေရတဲ့ ဒုက္ခတွေ၊ ပြောင်းရွှေ့မှုတွေ၊ စစ်ရေးအတွက်ကြောင့် အဓမ္မ ခိုင်းစေမှုတွေ၊ ဒါတွေကို အဓိက ဆွေးနွေးသွားမယ်ဆိုတာ ခုန ကျနော်ပြောသလိုပဲ စစ်ရေးရပ်ဆဲတာတော့ သဘောတူထားပြီးပြီ။ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေအတွက် မနက်ဖြန်မှာ ထပ်ဆွေးနွေးသွားမယ်။”
ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ကရင်ကိုယ်စားလှယ်အဖွဲ့ဟာ ဒီလ ၈ ရက်နေ့ကျရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်ထားသလို ကျန်နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ စောကွယ်ထူးဝင်းက ပြောပါတယ်။
