ပိတ်ဆို့ဒဏ်ခတ်မှု အမေရိကန် လျော့ပေးမည်
DVB
·
April 5, 2012
မြန်မာနိုင်ငံပေါ် ပိတ်ဆို့ထားမှုတွေ ပြေလျော့သွားစေလိမ့်မယ့်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ပြောကြားလိုက်ပါတယ်။
[caption id="attachment_23787" align="alignright" width="300" caption="ဟီလာရီ ကလင်တန် (photo-reuters)"]
[/caption]
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲအောင်မြင်မှုဟာ ခရီးသွားလာရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို သက်သာသွားစေပါတယ်လို့ ကလင်တန်က ပြောလိုက်တာပါ။ ဒီမိုကရေစီ စတင် ကူးပြောင်းခြင်းကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေ၊ မြန်မာနိုင်ငံကိုပေးမယ့် ဘဏ္ဍာရေး ဆောင်ရွက်ချက်တွေအပေါ် တားမြစ်ထားချက်တွေကို ပြေလည်သွားစေလိမ့်မယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခန့်အပ်ဖို့၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ကိုယ်စားလှယ်ရုံးတရုံး ထားရှိဖို့နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တွေကို ထောက်ပံ့ကူညီပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ ဒီမိုကရေစီတည်ဆောက်ခြင်း၊ ကျန်းမာရေး၊ ပညာရေးစတဲ့ လူမှုရေး ကူညီဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်အောင် အမေရိကန် အကူအညီပေးရေး ကိုယ်ပိုင် အဖွဲ့ငယ်တွေကို ခွင့်ပြုဖို့၊ ရွေးချယ်ထားတဲ့ မြန်မာအစိုးရ အရာရှိတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမေရိကန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ခွင့်ပြုပေးမှုနဲ့ ကာလကြာ ဗီဇာတားမြစ်ထားမှုတွေကို ဖြေလျှော့ပေးဖို့ အဆင်သင့်ပဲလို့ ကလင်တန်က ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့၊ ပြန်လွှတ်ပေးထားသူတွေအပေါ် တားမြစ်ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးဖို့၊ အထူးသဖြင့် ဗဟိုအစိုးရရဲ့ ကာလကြာ ဖိနှိပ်မှုတွေ ခံနေရပါတယ်ဆိုတဲ့ တိုင်းရင်းသားတွေ အပါအဝင် အမျိုးသား ပြန်လည်စည်းလုံးရေး ဆောင်ရွက်ဖို့၊ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်သွယ်မှုမှန်သမျှ ရပ်ဆိုင်းပေးဖို့တွေကို မြန်မာအစိုးရ ဘက်က လုပ်ဆောင်ပေးစေချင်နေပါတယ်။
