ရွေးကောက်ပွဲအလွန် မြန်မာမြို့ကြီးများ ဆိုးဆိုးရွားရွားမီးပျက်
ပီတာအောင်
·
April 5, 2012

ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးအတော်များများမှာ ကြားဖြတ်ရွေးကောက်ပွဲ အလွန် ခုရက်ပိုင်းတွေအတွင်း လျှပ်စစ်မီးပျက်နေတာနဲ့ မီးမမှန်တာတွေ ပိုမို ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
[caption id="attachment_23771" align="alignright" width="300" caption="မန္တလေးမြို့"]
[/caption]
ရန်ကုန်မြို့ခံတဦးက “ရန်ကုန်မှာ မီးအခြေအနေက အတော်လေးဆိုးတယ်၊ မီးပျက်တော့ အိမ်တွေမှာ ရေတင်လို့မရဘူး။ ထမင်းချက်လို့ မရဘူး။ အတော်များများ ဒုက္ခရောက်နေတာ။ တနေ့ကို ၆ နာရီဖြတ်မယ် ပြောတယ်။ ဒါပေမယ့် မကဘူး ဖြစ်နေတယ်။ အလှည့်ကျဖြတ်နေတာ။ တခါတလေ အချိန်မမှန်တဲ့အခါကျတော့ ထမင်းချက်နေရင်း တန်းလန်း မီးပျက်သွားတာမျိုး ရေတင်ရင်း တန်းလန်း မီးပျက်သွားတာမျိုးတွေ ဖြစ်နေတယ်။ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက စဖြစ်နေတာ ပွဲလည်းအပြီး အန်အယ်လ်ဒီလည်းနိုင်ရော အခြေအနေက ပိုဆိုးသွားတယ်။”
မန္တလေးမြို့ခံတွေဟာ မီးမရလို့ မီးစက်၊ အင်ဗာတာ၊ ဖယောင်းတိုင်ကို အသုံးပြုနေရသလို ဆေးရုံ၊ သတင်းစာတိုက်လို နေရာတွေကလည်း မီးပျက်နေလို့ အခက်တွေ့နေကြကြောင်း ပြောပြပါတယ်။
မန္တလေးမြို့ခံတဦးက “လျှပ်စစ်မီးကတော့ တရက် ၂၄ နာရီမှာ ၈ နာရီ နှုန်းနဲ့ ခွဲတမ်း စနစ်တွေနဲ့ ဖြတ်နေတယ် ရွေးကောက်ပွဲမတိုင်ခင် ၂ လလောက်တုန်းက မီးပျက်တာမတွေ့ရဘူး။ ရွေးကောက်ပွဲကာလနဲ့ မတိုင်ခင်အတွင်း ၁ လ လောက်ရှိပြီ ခွဲတမ်းစနစ်တွေနဲ့ တနေ့ကို ၈ နာရီနှုန်း အခုဖြတ်နေပြီ၊ အဲလိုမျိုးတွေနဲ့ သွားနေရတဲ့အတွက် အခုက နွေရာသီဆိုတော့ ပူစပ်အိုက်စပ် ဆိုတော့ မီးပုံမှန်မရရှိတဲ့အတွက် ပြည်သူလူထုမှာ တော်တော်ကို ဒုက္ခရောက် နေတယ်’ လို့ ပြောပါတယ်။
ဒါ့ပြင် လာမယ်လို့ ပြောထားတဲ့ အချိန်တွေမှာလည်း ၁၅ မိနစ် တကြိမ်လောက် ပျက်နေတယ်လို့ ဆိုပါတယ်။
မော်လမြိုင်မှာဆိုရင်လည်း လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေတဲ့အပြင် မီးလာတဲ့ အချိန်မှာလည်း မီးအားအလွန်နည်းပြီး အလင်းရောင်တောင် လုံလောက်အောင် မရဘူးလို့ သိရပါတယ်။
မြို့ကြီးတွေဟာ ၂၀၁၀ နှစ်လည်ကစပြီး ၂၀၁၁ တနှစ်လုံး လျှပ်စစ်မီး မှန်မှန်ရပြီး အခုမှ ဆိုးဆိုးရွားရွားပျက်တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း လျှပ်စစ်ပေးရေး ရုံးကတော့ ဂက်စ်မရလို့ ဂက်စ်တာဘိုင်စက်တွေ မလည်နိုင်တာကြောင့် ခုလို လျှပ်စစ်မီး မရတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
