ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်တွင် လူပေါင်း ၂၀၀ ကျော် မဲစာရင်း ပျောက်
နန်းမြနဒီ
·
April 1, 2012

အရင်တပတ်က တိုက်ပွဲနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ သိန္နီမြို့နယ်ထဲမှာ နယ်မြေ လုံခြုံရေးကြောင့် မဲရုံတချို့ပိတ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဒီနေ့ မနက် ၆ နာရီမှာတော့ သိန္နီမြို့နယ်ထဲက မဲရုံပေါင်း ၆၀ ကို တပြိုင်တည်း ဖွင့်လှစ်ခဲ့ပါတယ်။
မဲပေးပိုင်ခွင့် အခြေအနေ ရှိပေမယ့် နာမည်စာရင်းမပါတဲ့ ပြည်သူတွေ ၂၀၀ ကျော် ရှိနေတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က သိန္နီမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဝင်းခိုင်က ပြောပါတယ်။
“အခုကျနော်တို့ သိန္နီမြို့မှာတော့ မဲရုံပေါင်းက ၆၀ ရှိတာပေါ့။ ဒီမနက် ၆ နာရီကနေ စပြီးမှ မဲရုံအားလုံးကို ဖွင့်ကြပါတယ်။ ကျနော်တို့ လေ့လော တွေ့ရှိသလောက်တော့ ပွင့်လင်းတယ်။ လွတ်လပ်တယ်လို့ ပြောလို့ ရတာပေါ့။”
ပြည်သူတွေရော ဘယ်လိုနေလဲ။
“ပြည်သူတွေကတော့ မဲထည့်ချင်တဲ့ ဆန္ဒတွေက ပြင်းပြနေကြပါတယ်။ ကျနော်တို့ အခု အခက်အခဲ တခုတော့ တွေ့ရှိထားပါတယ်။ ဒါကတော့ မဲစာရင်း မပါတဲ့ကိစ္စတွေတော့ ရှိတယ်ပေါ့။ ဘာကြောင့်လဲဆိုရင်တော့ သူတို့ မဲစာရင်း ကပ်ထားတဲ့အချိန် ပြည်သူလူထုက မသိရတာကတကြောင်း၊ မလေ့လာတဲ့ အတွက်ကြောင့် တကြောင်း၊ ရပ်/ကျေးကော်မရှင်တွေက ကြေညာပေးခြင်း မရှိတာက တကြောင်း၊ မဲစာရင်း မတိုးရတဲ့အတွက်ကြောင့် မဲစာရင်း ပျောက်နေတဲ့ ပုံစံလေးကို တွေ့နေရပါတယ်။”
မဲစာရင်းပျောက်နေတဲ့လူ တော်တော်များလား။
“အခု ကျနော်တို့ လေ့လာတွေ့ရှိသလောက်ကတော့ ကွန်းကာကျေးရွာအုပ်စု မှာဆိုရင် လူပေါင်း ၂၀၀ လောက် မဲစာရင်း ပျောက်နေကြပါတယ်။ အဲဒီ ကွန်းကာကျေးရွာအုပ်စုကနေ ဖုန်းဆက်လာတာက သူတို့က ဒီ ဆန္ဒမဲကို ထည့်ပေးချင်ပေမယ့်လည်း မထည့်ရတဲ့အတွက်ကြောင့် နည်းနည်းလေး စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ဒါလေးတွေကို ကျနော်တို့ ပါတီက စည်းရုံးရေးမှုး ဦးစိုင်းစံမိကို ကျနော်တို့က ပြန်ပြီးမှ လူထုတွေကို ထိန်းထိန်းသိမ်းသိမ်းပေးဖို့၊ မဲမထည့်ရပေမဲ့လည်း နောက်တခါ ၂၀၁၅ ခုနှစ်မှာ ထည့်ရအောင် ဆိုပြီးတော့မှ ထိန်ထိန်းသိမ်းသိမ်းနဲ့ လုပ်ထားလိုက်ပါတယ်။”
ကြိုတင်မဲ ကိစ္စတွေကိုရော သိရပါသလား။
“ကြိုတင်မဲကိစ္စကတော့ ဒီနေ့ တော်တော်လေးကို နည်းသွားတယ်လို့ ပြောလို့ ရတာပေါ့။ အခု (၁) ရပ်ကွက် မှာဆိုရင် ကျနော်တို့ သိရသလောက်ဆိုရင် ကြိုတင်မဲက ၃၇ မဲပဲ ရှိတယ်။ (၂) ရပ်ကွက်မှာ ၁၃၇ မဲ၊ (၃) ရပ်ကွက်မှာ့  ၉၄ မဲ၊ (၄) ရပ်ကွက်မှာ ၂၁ မဲပါ။ ဒီအတိုင်းအတာလေးကို ကြည့်ခြင်းအားဖြင့် ပြီးခဲ့တဲ့နှစ်ကထက် စာရင် ဆယ်ပုံတပုံလောက်ကို တော်တော်လေးကို နည်းသွားတယ်လို့ ပြောလို့ရတယ်။”
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်ဘက်မှာ မဲရုံတချို့ကို ပိတ်မယ်လို့ သတင်တွေ ထွက်နေပါတယ်။ မှန်ပါသလား။
“နယ်မြေဒေသ လုံခြုံရေးက အခုပြန်ကောင်းလာတဲ့ အတွက်ကြောင့် မဲရုံ အားလုံး ၆၀ စလုံး တပြိုင်နက် ဖွင့်နိုင်တယ်လို့ မြို့နယ် ကော်မရှင်ခွဲ ဥက္ကဋ္ဌကနေ အကြောင်းပြန်ထားပါတယ်။”
သိန္နီမြို့နယ်က ပြည်သူတွေဟာ ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်မြေအမှတ် ၃ အမျိုးသားလွှတ်တော်အမတ် တစ်နေရာအတွက် ရွေးချယ် တင်မြှောက်ပေးရမှာ ဖြစ်ပါတယ်။ အမှတ် ၃ မဲဆန္ဒနယ်မြေထဲမှာ သိန္နီမြို့နယ်အပြင် လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံ စတဲ့ မြို့နယ် ၅ ခု ပါဝင်ပါတယ်။
