ပလေးဘွိုင်း အဖော်အချွတ်မဂ္ဂဇင်း တည်ထောင်သူ ဟျူးဂ်ျဟက်ဖ်နာ ကွယ်လွန်

ဓာတ်ပုံ - ရိုက်တာ
နာမည်ကျော် ပုရိသကြိုက် အဖော်အချွတ် မဂ္ဂဇင်းတစောင်ဖြစ်တဲ့ ပလေးဘွိုင်း အဖော်အချွတ်မဂ္ဂဇင်း တည်ထောင်သူ ဟျူးဂ်ျဟက်ဖ်နာ ကွယ်လွန်သွားခဲ့ပြီလို့ ဒေးလီးမေးလ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်အရွယ်ရှိပြီး သာမန်လူကြီးရောဂါနဲ့ ဓမ္မတာအတိုင်း သေဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဟက်ဖ်နာကို ၁၉၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှာ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့မှာ မွေးဖွားခဲ့တာပါ။ ပုရိသကြိုက် ပလေးဘွိုင်း အဖော်အချွတ်မဂ္ဂဇင်းကိုတော့ ၁၉၅၃ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပြီး နောက်ပိုင်းမှာ မီလျံနာတဦး ဖြစ်လာခဲ့တာပါ။ စက်တင်ဘာ ၂၇ ရက် ညပိုင်းမှာ ပလေးဘွိုင်းရဲ့ တရားဝင် တွစ်တာ လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် သူကွယ်လွန်သွားတဲ့သတင်းကို ခုလို ဖော်ပြခဲ့ပါတယ်။ “ပလေးဘွိုင်းတည်ထောင်သူ အမေရိကန်ကြယ်ပွင့် ဟျူးဂ်ျ အမ် ဟက်ဖ်နာဟာ ဒီနေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ကွယ်လွန်ချိန်မှာ သူ့အသက် ၉၁ နှစ်ရှိခဲ့ပါပြီ။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။” နာမည်ကျော် မဂ္ဂဇင်းကြီးတစောင်ဖြစ်တဲ့ People မဂ္ဂဇင်းကလည်း ဟက်ဖ်နာရဲ့ သေဆုံးမှုကို “ဒီနေ့ သူ့ရဲ့ ပလေးဘွိုင်းစံအိမ်ကြီးမှာ ချစ်ရတဲ့ မိသားစုတွေကြား သဘာဝအတိုင်းပဲ ကွယ်လွန်သွားခဲ့ပါပြီ” လို့ ဖော်ပြခဲ့ပါတယ်။ ဟက်ဖ်နာရဲ့သားဖြစ်သူ ကူးပါး ဟက်ဖ်နာကတော့ “ကျနော့်ရဲ့အဖေဟာ ဘဝမှာ မီဒီယာနဲ့ ယဉ်ကျေးမှု ရှေ့ဆောင် ထူးခြားတဲ့သူတဦးအဖြစ် နေထိုင်သွားခဲ့ပါတယ်။ များစွာသော လူတွေနဲ့အတူ ကျနော့်ဇနီး ခရစ္စတယ်လ်၊ ညီမ ခရစ္စတီး၊ ညီအစ်ကိုတွေဖြစ်တဲ့ ဒေးဗစ်၊ မာစတန်တို့ အားလုံးက လွမ်းဆွတ်နေတော့မှာပါ” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up