Home
မြန်မာသတင်း
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ မွတ်ဆလင်အသိုက်အဝန်းသည်လူနည်းစုမဟုတ်ဘဲ ဒေသလူဦးရေ၏ ၉၅% ရှိနေ
DVB
·
September 27, 2017
  ရခိုင်ပြည်နယ်မြောက်ပိုင်း အထိခိုက်ခံနယ်မြေရှိ မွတ်ဆလင်အသိုက်အဝန်းဟာ သတင်းတွေမှာဖော်ပြနေသလို လူနည်းစုမဟုတ်ဘဲ လူဦးရေတိုးပွားလာမှုကြောင့် ဒေသရှိ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းရှိတဲ့ လူများစုဖြစ်တယ်လို့ မြန်မာသံအမတ်ကြီးက ပြောပါတယ်။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ (၇၂) ကြိမ်မြောက်၊ အထွေထွေ ညီလာခံမှာ ဆွေးနွေးပြောကြားမှုတွေအတွင်း  မြန်မာနိုင်ငံအပေါ် စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက စက်တင်ဘာ ၂၅ရက်မှာ တုံ့ပြန်ပြောသွားတာပါ။ သြဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်း (၃၀) ကျော်ကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် လူတွေ အသက်အိုးအိမ် ဆုံရှုံးခဲ့ရပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း၊ မွတ်ဆလင်နဲ့ ရခိုင်လူမျိုးတွေသာမက ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီးစတဲ့ တိုင်းရင်းသားလူနည်းစုတွေနဲ့ ဟိန္ဒူဘာသာဝင်တွေလည်းပါဝင်ကြောင်း၊ ယင်း တိုင်းရင်းသားလူနည်းစုတွေ တည်ရှိမှုနဲ့ သူတို့ရဲ့ဒုက္ခကို ကမ္ဘာ့နိုင်ငံအတော်များများက မသိရှိ ကြောင်းလည်းပြောသွားပါတယ်။ လူတွေထွက်ပြေးရတဲ့အကြောင်းအရင်းများစွာရှိတဲ့အနက် အဓိကအကြောင်းအချို့မှာ ကြောက်လန့်မှုကြောင့်ဖြစ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုနောက်ပိုင်း အမျိုးသမီးနဲ့ ကလေးတွေအများစုတို့ ထွက်ပြေးခဲ့ကြောင်း၊ အမျိုးသားတွေကို ARSA အဖွဲ့မှာ ဝင်ရောက်စေပြီး လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်စေခဲ့ကြောင်း၊ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိစေရေး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးဖို့  ရွာသားတွေကို ခြိမ်းခြောက်ခဲ့ကြောင်း၊ နောက်တချက်မှာ အကြမ်းဖက်တွေရဲ့ မြေလှန်တဲ့ မူဝါဒ ကျင့်သုံးမှုကြောင့်ဖြစ်ကြောင်းလည်း မြန်မာသံတမန်ကပြောကြားသွားပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းပြောကြားမှုမှာ  ဘင်္ဂလားဒေ့ရှ်၊ နိုင်ဂျီးရီးယား၊ ပြင်သစ်၊ တူရကီ၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ယူအေအီး၊ မလေးရှား၊ မော်လ်ဒိုက်နဲ့ ချက်နိုင်ငံ ခေါင်းဆောင်တွေက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မျိုးနွယ်စုရှင်းလင်းသုတ်သင်မှုနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေရှိနေတယ်ဆိုပြီး  စွပ်စွဲပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒီစွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကြီးက “ရက်စက်ကြမ်းကြုတ်ခြင်း (atrocities)”၊ “မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း (ethnic cleansing)”၊ “လူမျိုးတုံး သတ်ဖြတ်ခြင်း (genocide)” စတဲ့ အသုံးအနှုန်းတွေကို ပေါ့ပေါ့တန်တန် အသုံးမပြုသင့်ကြောင်း၊ ခိုင်မာတဲ့သက်သေ အထောက်အထားရှိမှသာ ယင်းစကားလုံးတွေကိုသုံးနှုန်းဖို့ စဉ်းစား သင့်ကြောင်း၊ စကားလုံးတွေကို သုံးနှုန်းပြီး ကိုးကားဖော်ပြနေတာကို မြန်မာနိုင်ငံအနေနဲ့ အပြင်းအထန် ကန့်ကွက်ကြောင်း”ပြောသွားပါတယ်။ ဒါ့အပြင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေကို ဓမ္မဓိဌာန်ကျကျနဲ့ ဘက်လိုက်မှုမရှိဘဲ ရှုမြင်ကြဖို့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့က ကုလသမဂ္ဂမှာ တိုက်တွန်းပြောကြားထားပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး ဇာအစ်ရာဒ် အယ်လ်ဟူစိန်ကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို စနစ်တကျ တိုက်ခိုက်နေတဲ့ပုံစံဟာ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်သလို  အခြေအနေဟာ လူမျိုးနွယ်စု သုတ်သင်ရှင်းလင်းမှု  ကျောင်းသင်ခန်းစာနမူနာပြစရာ ဖြစ်နေပြီလို့ပြောပါတယ်။ ဓာတ်ပုံ- MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024