Homeမေးမြန်းခန်း
အုတ်မြစ်မချဘဲနဲ့ အပေါ်ထပ် နိုင်ငံရေးကို အရင်ဆုံး ပြောင်းလဲလို့ မရဘူး။ (ခေတ်သစ်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ရီရီစံနှင့် မေးမြန်းချက်)
အုတ်မြစ်မချဘဲနဲ့ အပေါ်ထပ် နိုင်ငံရေးကို အရင်ဆုံး ပြောင်းလဲလို့ မရဘူး။ (ခေတ်သစ်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ရီရီစံနှင့် မေးမြန်းချက်)
ပီတာအောင်
·
March 25, 2012

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ခေတ်သစ်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ရီရီစံနဲ့ ဆက်သွယ် မေးမြန်းထားတာပါ။
[caption id="attachment_23041" align="alignleft" width="300" caption="ဒေါ်ရီရီစံ "]
[/caption]
ပါတီ စည်းရုံး မဲဆွယ်ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်ရီရီစံက ခုလို စတင် ဖြေကြားပါတယ်။
“မဲဆွယ် စည်းရုံးမှု လုပ်ငန်းတွေကတော့ အန်တီတို့ အခု ဝါးခယ်မကို ရောက်နေပါတယ်။ အန်တီတို့ပါတီက ဧရာဝတီတိုင်းဒေသကြီးမှာတော့ လူအင်အားများတယ်လေ။ ရွေးကောက်ပွဲ ဝင်မယ့် ၃ နေရာကို ဖြန့်ပြီးတော့၊ တခြား ရွေးကောက်ပွဲ မရှိတဲ့ မြို့နယ်တွေက လာရောက်ပြီးတော့ ဝိုင်းကူညီ လုပ်ပေးကြတယ်။ ဝါးခယ်မမြို့နယ်နဲ့ ဆက်စပ်နေတဲ့ မော်ကျွန်းမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ လပွတ္တာမြို့နယ် တွေ ရှိတယ်။ အဲ့ဒီ့ မြို့နယ်တွေကပါ စည်းရုံးရေး ဆင်းပေးပါတယ်။ သူ့အပိုင်းနဲ့သူ ၄ပိုင်းခွဲပြီး စည်းရုံးရေး ဆင်းပါတယ်။ စက်လှေနဲ့ ဆင်းတဲ့ အဖွဲ့တွေ ရှိသလို၊ ဆိုင်ကယ်နဲ့ ဆင်းတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ သူ့နေရာနဲ့ သူပေါ့။ ဆင်းတဲ့အခါမှာ ရွာအနှံ့၊ ကျေးရွာအုပ်စု၊ မြို့ပေါ်တွေပါ ဆိုရင် နေရာ ၁၄ဝလောက်မှာ ၉ဝလောက်ကို စည်းရုံးရေး တော်တော် ပိုင်ပိုင်နိုင်နိုင် ရပြီးသွားပြီ။ ကျမတို့ ၂ဂရက်နေ့မှာ ကျုံမငေးမြို့ကို သွားပြီး ဟောပြောပွဲလုပ်မယ်။ စည်းရုံးမယ်။ ၂၉ရက်နေ့မှာ ဝါးခယ်မမြို့ပေါ်မှာ ဟောပြောပွဲလုပ်မယ်။ လှည့်လည်ပြီး ကားနဲ့ စည်းရုံးရေး ဆင်းမယ်။ ဒီ အဆင့်ပဲ ကျန်ပါတော့တယ်။”
ကြားနေရတာက တချို့နေရာတွေမှာ မဲစာရင်း ပြဿနာတွေ၊ တရားမမျှတမှုတွေ၊ တချို့ပါတီကြီးတွေက မဲဆွယ်တဲ့ နေရာတွေမှာ ရွေးကောက်ပွဲ စည်းကမ်းနဲ့ မညီညွတ်တာ တွေ့ရတယ်။ ဝါးခယ်မ ဘက်မှာရော ရွေးကောက်ပွဲဆိုင်ရာ ပြဿနာ တစုံတရာ တွေ့ရပါသလား။
“မဲစာရင်းပြဿနာတွေ ရှိပါတယ်။ တချို့ရွာမှာ ၉ ဦးလောက်ရှိတယ်။ ချက်ချင်း ညှိနှိုင်းပြီး ဆောင်ရွက်လိုက်တယ်။ နောက်တချို့ရွာတွေမှာ နောက်ထပ် အယောက် ၅၀ ကျော်လောက် မဲစာရင်းထဲ မပါတာကို လှမ်းပြီးတော့ ညှိနှိုင်းဆောင်ရွက်လိုက်တဲ့အခါကျတော့ အခု မဲစာရင်းထဲ ထည့်လိုက်ပြီ။ တော်တော်များများကိုတော့ ကိုယ့်ပါတီဝင် အင်အားစုတွေ ရှိတဲ့ အခါကျတော့ စေ့စေ့စပ်စပ်နဲ့ အကုန်လိုက်ပြီး တော့ မဲစာရင်းမရှိတဲ့ နေရာတွေကို သေချာပြန်ပြီးတော့ ဆောင်ရွက်ပေးပါတယ်။”
ဒေါ်ရီရီစံအနေနဲ့ ဝါးခယ်မမြို့ကနေ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဘာကြောင့်ဆုံးဖြတ်ရပါသလဲ။
“ပထမ ဦးစားပေးအချက် အနေနဲ့ကတော့ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှာ ပါတီဝင် အင်အား တောင့်တယ်။ ပါတီဝင်အင်အားရဲ့ တောင်းဆိုမှုကြောင့်လည်း ဝင်ပြိုင်တာပါ။ ဒုတိယအနေနဲ့ကတော့ ကျမရဲ့ အဖိုးကဝါးခယ်မမြို့နယ်သားဖြစ်တယ်။ ခုကြားဖြတ်ရွေးကောက်ပွဲမှာ ၄၈ နေရာထဲက နေရာလပ်တွေ ဧရာဝတီတိုင်း ဒေသကြီးမှာလည်း ရှိတဲ့အတွက်ကြောင့် ဝါးခယ်မမြို့နယ်ကို အကောင်းဆုံး နေရာလို့ သတ်မှတ်ပြီး ပါတီဝင်အင်အား များတဲ့အတွက် ဝင်ပြီး အရွေးချယ်ခံတာပါ။”
လက်ရှိအနေအထားမှာ ပါတီကို မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုက ဘယ်လောက် ရှိပါသလဲ။ ရွေးကောက်ပွဲမှာ နိုင်မယ်လို့ ထင်ပါသလား။
“အခုကတော့ အဖွဲ့ ၄ ဖွဲ့ ခွဲပြီးတော့ စည်းရုံးရေး ဆင်းတဲ့နေရာမှာ အခြေအနေက ကိုယ့်အတွက် အလေးသာ တာကတော့ ၈၅ ရာခိုင်နှုန်းလောက်ကို ရှိနေပါတယ်။ ကိုယ့်စည်းရုံးရေးဆင်းတဲ့ ပါတီဝင်တွေက အရင် ၂၀၁၀ ရွေးကောက်ပွဲမှာထက် အတွေ့အကြုံတွေ အများကြီး ရလာတယ်။ အဲဒီလိုမျိုး အားနည်းချက် အားသာချက်တွေ အပေါ်မှာ အခြေပြုပြီးတော့ စည်းရုံးရေးဆင်းတဲ့ အခါမှာ သူတို့ဟာ အင်မတန်မှ အားရစရာ ကောင်းတယ်။
နောက်ပြီးတော့ ကျေးရွာတွေရဲ့ ထောက်ခံမှုကိုလည်း အများဆုံး ရလာတယ်။ ကျေးရွာတရွာကို ဆင်းပြီး ဟောပြောပွဲ လုပ်တယ် ဆိုရင် ကျေးရွာထုရဲ့ အားပေးမှုက တော်တော်များများကို အားရစရာ လေးတွေပေါ့။ တနေရာတည်းမှာပဲ မြို့ပေါ်ဆို တနေရာတည်း လုပ်တဲ့လူ မဟုတ်တဲ့အခါကျ ကျေးရွာအနှံ့ကို နယ်စွန် နယ်ဖျားအထိ ရွာသေးသေးလေးတွေကအစ စည်းရုံးရေး လုပ်တဲ့အခါ ကျတော့ တော်တော်များများ အားရဖွယ်အခြေအနေကို တွေ့ရပါတယ်။”
၂၀၁၀ တုန်းက အရွေးမခံရတဲ့အပေါ်မှာ ပြန်လည်သုံးသပ်ပြီးတော့ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်လိုဟာမျိုးတွေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်တယ်။ နောက် လာမယ့် ရွေးကောက်ပွဲမှာ နိုင်အောင် ဘာတွေ အပြောင်းအလဲ လုပ်ဖို့ ပြင်ဆင်ထားပါသလဲ။
“၂၀၁၀ မှာတုန်းကတော့ ပယ်မဲတို့ ဘာတို့ဆိုတာ ပုံစံတမျိုးတည်းပဲပေါ့။ အတည်မဲဆိုရင် ဘယ်လိုပုံစံမှ အတည်မဲပေါ့။ တမျိုးတည်းပဲ သိရတယ်။ နည်းနည်းလေး ကောက်လို့လည်း မရဘူး။ စောင်းလို့လည်းမရဘူး။ နည်းနည်းလေးမှ အတိမ်းအစောင်း မရှိဘူးလေ။ အဲဒီလိုမျိုးကို အတည်မဲလို့ သတ်မှတ်တယ်။
ကျန်တဲ့ဟာတွေက ပယ်မဲပေါ့။ အခု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့၊ သတင်းစာမှာလည်း ကြေညာထားတဲ့ ပုံစံမှာတော့ ပယ်မဲထက် တည်မဲကိုပါ တော်တော်လေးကို အဆင်ပြေအောင်လို့ ဆောင်ရွက် ပေးထားတယ်ပေါ့။ မသိ နားမလည်သေးတဲ့ အခြေခံလူတန်းစားတွေ အတွက်ကို အဆင်ပြေအောင်ပေါ့။ ဘယ်ဟာက အတည်မဲ ဖြစ်သင့်တယ်။ ဘယ်လိုမျိုးဆိုရင် ပယ်မဲ ဖြစ်သင့် တယ်ဆိုတာလေးတွေပေါ့။ အဲဒီ စာရွက်ကလေးတွေလည်း အန်တီတို့အနေနဲ့ မဲရုံကိုယ်စားလှယ်တွေ လက်ထဲကို အားလုံးကို အရောက် ပို့ပေးထားပါတယ်။ သူတို့လည်း တနည်းနည်း သိထားရအောင်လို့ပေါ့။”
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက တချို့ရွာတွေမှာဆိုရင် ရွာလူကြီးကနေပြီးတော့ သူကိုယ်တိုင်ပဲ မဲပေးသွားတာတွေ တွေ့ရတယ်။ မဲဆန္ဒရှင်တွေ ကိုယ်တိုင် မပေးရဘဲနဲ့ တရွာလုံး ကိုယ်စား အမှန်ခြစ် သွားတာတွေ ဘာတွေ အဲဒီလိုမျိုးတွေ ကြားခဲ့ရတယ်။ အဲဒါမျိုးတွေ မဖြစ်အောင်လို့ အန်တီတို့ ပါတီတွေက ဘာတွေများ ဆောင်ရွက်နေတာ ရှိပါသလဲ။
“အဲဒီကိစ္စကိုလည်း အခု ရွာအနှံ့ စည်းရုံးရေးဆင်းပြီး သေချာအောင် အရင်တခေါက်က အားနည်းချက်၊ အားသာချက်တွေ ရှင်းပြပါတယ်။ ချို့ယွင်းချက်တွေ၊ လိုအပ်ချက်တွေ အားလုံး ဖြည့်စွက်ပြီးတော့ ပြောပြတာပေါ့။ ဒီလို မဖြစ်အောင်လို့ ကြိုပြီး တားတာပေါ့။ အဓိက ကတော့ ၉၀ ခုနှစ်ကလည်း တော်တော် အလှမ်းကွာသွားပြီဆိုတော့၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဒီမိုကရေစီ တာထွက်ကာလလည်း ဖြစ်တော့ ကျမထင်တာကတော့ ပြည်သူလူထုက တခါမှ အတွေ့အကြုံ မရှိဘူးလေ။ ၉၀ ခုနှစ်ကလည်း ၈၈ အရေးအခင်းကြောင့် ပေါ်ပေါက်လာပြီး ဗြုန်းစားကြီး ဘာမှမသိဘဲနဲ့ ထပေါ်လာတာပေါ့နော်။
အနှစ် ၂၀ လောက် ကြာပြီးတော့မှ အခု ရွေးကောက်ပွဲ စတင်လိုက်တဲ့ အချိန်မှာ ပြည်သူလူထုက အတွေ့အကြုံ မရှိတာရယ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်တဲ့အတွက် နည်းနည်းလေး အသိနည်းသေးတာပါ။ အခု လူထုက ပြီးခဲ့တဲ့ ရွေးကောက်ပွဲထက် စာလို့ရှိရင် တဖြည်းဖြည်းချင်း အသိ တော်တော်လေး မြင့်လာကြပါပြီ။ နည်းနည်းလေး ရှင်းပြလိုက်တာနဲ့ တော်တော်လေး သဘောပေါက်လာပါပြီ။ အရင်တုန်းကလို လုံးဝ မသိ နားမလည်မှု ရှိတဲ့ အခြေအနေထက် အများကြီး အခြေအနေကောင်းလာပြီလို့ ယူဆရပါတယ်။”
ဒေါ်ရီရီစံတို့ မဲဆွယ်စည်းရုံးစဉ်မှာ လူထုတွေနဲ့ တွေ့ဆုံမေးမြန်း စကားပြောကြည့်တဲ့အခါ ဝါးခယ်မမြို့မှာရှိတဲ့ မဲဆန္ဒရှင် ပြည်သူတွေက သူတို့အတွက် ဘာတွေ အလိုအပ်ဆုံးလို့ ပြောကြပါလဲ။ တကယ်လို့ ဒေါ်ရီရီစံ အနေနဲ့ ရွေးကောက်ခံရမယ် ဆိုလို့ရှိရင် ဝါးခယ်မ ပြည်သူတွေအတွက် ဘာတွေ လုပ်သွားပေးဖို့ စိတ်ကူးမိပါသလဲ။
“အဓိကက စီးပွားရေးပဲ၊ လူထုတွေရဲ့ စီးပွားရေး အခက်အခဲလေးတွေ တော်တော်တွေ့ရတယ်။ ကျမတို့က ရှင်းရှင်းပြောပြတာက အနောက်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှုက အစိုးရမှာ မထိခိုက်ဘူး။ ကျမတို့ အခြေခံလူတန်းစားတွေ ပြည်သူလူထုမှာပဲ ထိခိုက်တယ်ပေါ့နော်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှု ဖွင့်ပေးလိုက်လို့ ရှိရင်၊ ကျမတို့ နိုင်ငံဟာ လူထုအတွက် အဓိက အကျိုး ဖြစ်ထွန်းစေမယ်လေ။ အဲဒါအတွက်ကိုပဲ ကျမတို့ အဓိက ဖြစ်စေချင်တဲ့ ဆန္ဒ ရှိတယ်ပေါ့နော်။ လူထုကြားထဲမှာလည်း စီးပွားရေး ပိတ်ဆို့ထားတာကြောင့်ကျမတို့ နိုင်ငံက ဒီလိုဖြစ်နေတယ်။ ပြည်သူလူထုက အဓိက ဒုက္ခရောက်တာပေါ့။
ချမ်းသာတဲ့ လူတန်းစား ရှိသလိုပေါ့။ အဓိက ၇၀ ရာခိုင်နှုန်းက ကျေးလက်နေ လူတန်းစား အခြေခံလူတန်းစား ဖြစ်တဲ့အခါကျတော့၊ အဲဒီ အခြေခံလူတန်းစား ၄၅ ရာခိုင်နှုန်း လောက်က အလယ် အလတ် တန်းစားကို ရောက်သွားတဲ့အခါ ကျတော့မှ ကျမတို့ ဒီမိုကရေစီနိုင်ငံဟာ နည်းနည်း ခိုင်မာလာပြီလို့ ယူဆလို့ ရတယ်လေ။”
ကျမတို့ အဓိကထားတာက စီးပွားရေးကိုပါ။ အခြေချပြီးတော့ အုတ်မြစ်မချဘဲနဲ့ အပေါ်ထပ် နိုင်ငံရေးကို အရင်ဆုံး ပြောင်းလဲလို့ မရဘူး။ အခြေခံ စီးပွားရေး အဆောက်အအုံ အုတ်မြစ်ချပြီးတော့မှ သူ့ဟာနဲ့သူ နိုင်ငံရေးဆိုတာ ပြောင်းလဲမှုဆိုတာ တဖြည်းဖြည်းချင်း၊ တမင်ပြောင်းလဲစရာ မလိုတော့ဘူး အလိုက်သင့်လေး သူ့ဟာသူ လိုက်ပါ ပြောင်းလဲလာမယ်လို့ ကျမတို့က ယူဆပါတယ်။”
၁။ ဒေါ်ရီရီစံ - ကိုယ်ရေးအကျဉ်း
အမည် - ဒေါ်ရီရီစံ (ကလောင်အမည် - ခင်ဝင်းစံ)
မွေးသက္ကရာဇ် - ၁၉.၁ဝ.၁၉၆ဝ
မိဘအမည် - ဦးစံထွန်းအောင်၊ ဒေါ်ညွန့်ရီ
ပညာအရည်အချင်း - ၁၉ဂဝ ခုနှစ်တွင် ၁ဝ တန်းအောင်၊ ၁၉၉၄ ခုနှစ်တွင် ပထဝီဘာသာဖြင့် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရ။
မွေးချင်း - ၆ ဦး အနက် တတိယမြောက်
မိသားစု - ခင်ပွန်း ဦးထွန်းအောင်ကျော် (ဥက္ကဋ္ဌ၊ ခေတ်သစ်ပြည်သူ့ပါတီ)
အလုပ်အကိုင် - အငြိမ်းစား ကျောင်းဆရာမ၊ ဗဟိုဦးစီး အဖွဲ့ဝင်
(ခေတ်သစ် နိုင်ငံရေးသိပ္ပံ ဘောဂဗေဒကျောင်းတော်သားစုအဖွဲ့)
လက်ရှိပါတီတာဝန် - ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၂)
နိုင်ငံရေး နောက်ခံ - ၁၉၉၈ ခုနှစ်မှာ အိမ်ထောင်ကျပြီး ကျောင်းဆရာမ အဖြစ်မှ အငြိမ်းစားယူပြီး နိုင်ငံရေးမူဝါဒတွေကို သုတေသနပြုပြီး အမျိုးသားဆီမှာ လေ့လာခဲ့ပါတယ်။ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုတွေမှာ ခင်ပွန်းနဲ့အတူ ပါဝင်ခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ ဗဟိုကော်မတီဝင်ဖြစ်ပြီး ၂ဝဝ၉ ခုနှစ်မှာ ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ အဘိုးဖြစ်သူဟာ သီရိပျံချီ ဦးသန်းစိန်ဖြစ်ပြီး ဝန်ကြီးချုပ် ဦးနု လက်ထက်က ပါလီမန်အမတ် ဖြစ်ခဲ့ပါတယ်။ “ခေတ်သစ် နိုင်ငံရေးသိပ္ပံ ဘောဂဗေဒ ကျောင်းတော်သားစုမှာ ဗဟိုဦးစီးအဖွဲ့ဝင် အဆင့် ၅ ပါ။ “အစိုးရပိုင် ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတွေမှာ ခင်ဝင်းစံနာမည်နဲ့ တပ်မတော်နေ့ ဂုဏ်ပြုဆောင်းပါးတွေ၊ အမျိုးသမီးများနေ့ ဂုဏ်ပြုဆောင်းပါးတွေ ရေးပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အရေးနိမ့်ခဲ့ဖူးပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝါးခယ်မမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်မြင့်မြင့်စန်း၊ ကြံ့ခိုင်ရေးပါတီက ဦးထွန်းအောင်ကျော်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ဦးသန်းအောင်တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
