သမ္မတက လူမျိုးသုဉ်းသတ်ဖြတ်မှု မိန့်ခွန်းပြောနေစဉ် သမီးဖြစ်သူ ဆယ်လ်ဖီရိုက်သည့်ရုပ်သံ ဝေဖန်မှုမြင့်တက် (ရုပ်သံ)

အဇာဘိုင်ဂျန်သမ္မတ ကုလသမဂ္ဂမှာ လူမျိုးသုဉ်းသတ်ဖြတ်တဲ့ ကိစ္စအရေး မိန့်ခွန်းပြောကြားနေစဉ် သမီးဖြစ်သူက အိုက်တင်လုပ် ဆယ်လ်ဖီ ရိုက်နေတဲ့ ရုပ်သံထွက်ပေါ်လာပြီး ဝေဖန်မှုမြင့်တက်နေပါတယ်။ အသက် ၅၅ နှစ်အရွယ် အဇာဘိုင်ဂျန် သမ္မတ အီလ်ဟမ်အေလီယက်ဖ်က ၁၉၉၂ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ သွေးပျက်ဖွယ် Nagorno-Karabakh စစ်ပွဲအကြောင်း နယူးယော့က်ရှိ ကုလသမဂ္ဂအဆောက်အအုံမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို ပြောကြားစဉ် သမ္မတသမီး လေလာက ကြောင်တောင်တောင်နိုင်တဲ့ အိုင်တင်တွေထုတ်ပြီး ဆယ်လ်ဖီရိုက်နေတဲ့ ရုပ်သံထွက်ပေါ်လာတာပါ။ ကုလသမဂ္ဂအထွေထွေညီလာခံကြီးကနေ ကမ္ဘာကို တိုက်ရိုက်ရုပ်သံလွှင့်နေချိန်မှာ သမ္မတသမီး လေလာအန်းတစ်စ်က စမာ့တ်ဖုန်းကို သူမရှေ့ချိန်နေတာ ရုပ်သံထဲပါသွားပြီး ခေါင်းဆောင်တွေကို ရှက်ကိုးရှက်ကန်း ကသိကအောက် ဖြစ်စေခဲ့တာပါ။ အစပိုင်းမှာ သူမက နယူးယော့က်ခန်းမထဲမှာ သူမ မိခင်ဘေး ထိုင်နေပြီး ဖခင်ရဲ့ မိန့်ခွန်းကို နားထောင်နေတာ ရုပ်သံထဲမှာ မြင်ရပေမယ့် ဖခင်ရဲ့ မိန့်ခွန်း ၂ မိနစ်တောင် မကြာချိန်မှာ သူမက စမာ့တ်ဖုန်းကို သူမဖက်လှည့်ပြီး ဓာတ်ပုံ စရိုက်ခဲ့တာပါ။ ဖခင်မိန့်ခွန်း ပြီးချိန်မှာတော့ လူမှုကွန်ရက်သုံးစွဲသူတွေက သူမကို လှောင်ပြောင် ဝေဖန်ခဲ့ကြပါတယ်။ လူမှုကွန်ရက်သုံးစွဲသူ မက်ဟာနစ်က “ဒါက ယဉ်ကျေးမှုမရှိပြီး ချမ်းသာတဲ့ကလေးတွေရဲ့ မိုက်မဲမှုပဲ၊ သူမရဲ့မိဘတွေက သူမကို ဒီနည်းလမ်းနဲ့ မွေးမြူလာခဲ့တယ်လို့ ဆိုလိုလိုက်တာပဲ” လို့ ရေးထားပါတယ်။ နောက်တဦးကတော့ “ဒီအဖြစ်က မိသားစုအတွက် အရမ်းကို ရှက်စရာပဲ။ အဖေက လူမျိုးသုဉ်းသတ်ဖြတ်တဲ့အကြောင်း ပြောနေချိန်မှာ မျက်နှာကို ဒီလိုလုပ်နိုင်တယ်” လို့ ရေးထားပါတယ်။ အဇာဘိုင်ဂျန်သတင်းဌာန အေပီအေရဲ့ ထုတ်ပြန်ချက်အရ အဇာဘိုင်ဂျန်သမ္မတက နိုင်ငံတကာအနေနဲ့ အာမေးနီးယားကို စီးပွားရေးပိတ်ဆို့ဖို့ တောင်းဆိုမိန့်ခွန်းပြောနေတာလို့ ဆိုပါတယ်။ “အာမေးနီးယားအကြမ်းဖက်မှု လုပ်ရပ်တွေကြောင့် အဇာဘိုင်ဂျန် ပြည်သူ ၁ သန်းကျော် ဒုက္ခသည်ဖြစ်ခဲ့ရပြီး ပြည်တွင်းမှာပဲ အိမ်ရာစွန့်ခွာထွက်ပြေးရတဲ့သူတွေ ဖြစ်ကြရတယ်” လို့ သမ္မတ အီလ်ဟမ်အေလီယက်ဖ်မှ မိန့်ခွန်းအတွင်း ပြောခဲ့တာပါ။ “အာမေးနီးယားတွေက ခေါ့ဒ်ဂျလေ (Khodjaly) မြို့မှာ အဇာဘိုင်ဂျန်လူမျိုး အများအပြားကို လူမျိုးသုဉ်း သတ်ဖြတ်ခဲ့တယ်။ အမျိုးသမီး ၁၀၆ ဦးနဲ့ ကလေး ၆၃ ဦးအပါအဝင် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေတဲ့ ပြည်သူ ၆၁၃ ဦး သတ်ခံခဲ့ရတယ်” လို့ အီလ်ဟမ်အေလီယက်ဖ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up