ဂန့်ဂေါတွင် ဝက်ဝံတကောင်တွေ့ရှိ၊ ရန်ပြုမည်ကို စိုးရိမ်၍ ရွာသားများက သတ်ပစ်
Aung Ko Latt
·
September 23, 2017

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မွှေ့လယ်ရွာမှာ စက်တင်ဘာ ၂၃ ရက်နေ့မနက်ပိုင်းက ဝက်ဝံအထီးတစ်ကောင်ကို ရွာအနီးမှာတွေ့ရှိခဲ့ပြီး ရွာသားတွေကို ရန်မူမှာစိုးလို့ ဝိုင်းဝန်းပိတ်ဆို့ သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
“ဒီနေ့မနက် ၅ နာရီလောက်က ကူးတို့သမားက မြစ်ဖြတ်ကူးတာကို တွေ့လို့ စက်လှေနဲ့ လိုက်တာ။ ကမ်းနားရောက်တော့ မတွေ့တော့ဘူး။ ဒါနဲ့ ရွာအုပ်ချုပ်ရေးမှုးကို အကြောင်းကြားပြီး လိုက်ရှာကြတာ ရွာအရှေ့ဘက်မှာတွေ့လို့ လှံနဲ့ထိုး၊ ခဲနဲ့ပေါက်ကြတာ။ သေနတ်နဲ့ ပစ်ရမလားလို့ပြောတာ မပစ်ရဘူးဆိုတာနဲ့ တစ်ေ်ယာက်စ နှစ်ယောက်စ ကြားတာကနေ ဝိုင်းလိုက်ကြတာ လူပေါင်း ၃၀ လောက်စုမိပြီး ၉ နာရီခွဲလောက်မှာ အသေရလိုက်တယ်” လို့ မွှေ့လယ်ရွာသား ကိုဖိုးနီက ဒီဗွီဘီကိုပြောပါတယ်။
ဥပဒေအရ ၀က်ဝံကို သတ်ခွင့်မရှိကြောင်းနဲ့ နောက်ပိုင်း တောရိုင်းတိရစ္ဆာန်နဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေ လုပ်သွားမယ်လို့ ဂန့်ဂေါမြို့နယ် သစ်တောဦးစီးမှုး ဦးနေမျိုးဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“တကယ်တမ်းတော့ ဥပဒေအရ ပစ်သတ်ခွင့်မရှိဘူး၊ ရွာအုပ်ချုပ်ရေးမှုးတွေကတဆင့် သတင်းပို့ချက်တွေအရတော့ ဝက်ဝံတကောင်က ရွာထဲမှာ သောင်းကျန်းနေတယ်၊ သစ်တောရဲအဖွဲ့အနေနဲ့လာပြီး ထိန်းသိမ်းပေးပါဦးဆိုပြီး ဆက်သွယ်တယ်၊ အဲဒါနဲ့ ကျနေယ်တို့ဆီက လူတွေသွားနေတုန်း ရွာက အများနဲ့ဆိုတော့ ထိခိုက်မိမှာစိုးလို့ ကာကွယ်ရင်းနဲ့ သေဆုံးသွားတယ်လို့ပြောပါတယ်။ ဥပဒေအရတော့ ပစ်သတ်ပိုင်ခွင့်မရှိဘူး။ အခုဟာက လူ့အသက်အန္တရာယ်ကို ကာကွယ်ရင်းနဲ့ ဖြစ်သွားတာ။ ဒီကိစ္စကိုလည်း ခရိုင်၊ တိုင်းအဆင့်ဆင့်ကို သတင်းပို့ထားတယ်။ နောက်နောင် ဒီလိုမဖြစ်ဖို့အတွက် ဟောပြောပွဲတွေ များများလုပ်ပေးဖို့ လိုလာပြီ၊ လက်ရှိလည်း တောရိုင်းတိရစ္ဆာန်နဲ့ပတ်သက်ပြီး သီးသန့်ခေါင်းစဉ်နဲ့ မလုပ်ပေမယ့် အလျဉ်းသင့်သလိုတော့ ဟောပြောတာတွေရှိတယ်။ ခုဖြစ်စဉ်ကလည်း ဝက်ဝံက မြစ်ကူးလာတာ မောနေတယ်၊ လူတွေကလိုက်တယ်၊ စိတ်တိုတာကနေ ရန်ရှာလာတဲ့ အနေအထားရှိတယ်လို့ သုံးသပ်ရတယ်၊ သာမန်ဆိုရင်တော့ လူတွေ့ရင်လည်း ရှောင်တယ်၊ ဒီနှစ်အတွင်းမှာ အလားတူဖြစ်ရပ်မျိုးဖြစ်ခဲ့တာ မရှိပါဘူး။”
အလားတူဖြစ်ရပ်တွေဖြစ်လာရင်လည်း အချိန်မရွေး၊ နေ့ညမရွေး သစ်တောဦးစီးဌာနကို သတင်းပို့ အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဂန့်ဂေါမြို့နယ်အတွင်း သစ်တောကြိုးဝိုင်း ၈ ခုရှိပြီး သစ်တောဖုံးလွှမ်းမှုအနေနဲ့ ၅၉ ဒသမ ၁၅ ရာခိုင်နှုန်း ရှိသေးတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ ဝက်ဝံက အလေးချိန် ပိဿာ ၄၀ လောက်ရှိပြီး အစွယ်က ၁ လက်မကျော်ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးကနေတဆင့် ကန်ရဲစခန်းကို အကြောင်းကြားရာကနေ သေနတ်နဲ့တကွ ရဲ ၂ ယောက် ရောက်လာခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ရဲတွေရောက်တဲ့အချိန်မှာ ဝံကို ဖမ်းမိပြီးဖြစ်လို့ အသားဖျက်နေကြပြီလို့ဆိုပါတယ်။
ဒေသခံတွေရဲ့ ခန့်မှန်းချက်အရတော့ ဝက်ဝံက အရှေ့တောင်ခေါ် ပုံတောင်ပုံညာဘက်ကနေ နယ်ကျွံလာတာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
တစ်ခါတစ်လေမှာ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကနေ ဝက်ဝံတွေအပြင် အခြားတောကောင်တွေလည်း နယ်ကျွံလာတတ်တယ်လို့ သိရပါတယ်။ အခုဖမ်းဆီးရမိတဲ့ ဝက်ဝံက ဘယ်ဘက် လက်တဖက်က ပြတ်နေတယ်လို့ ဆိုပါတယ်။