မိုးပြာရောင်ဘုန်းကြီး ထောင်ဒဏ်ချမှတ်ခံရ
DVB
·
March 21, 2012
မိုးပြာရောင်ဆရာတော်လို့ လူသိများတဲ့ ပစ္စုပ္ပန်ကမ္မဝါဒ ဘုန်းကြီးဦးဥာဏကို ကချင်ပြည်နယ် မြစ်ကြီး နားထောင်မှာ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံရတာဟာ ဘာသာရေး လွတ်လပ်ခွင့်မရှိမှုနဲ့ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် မရှိဖြစ်နေတယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင်က ဒီနေ့မှာ ထုတ်ဖော် ပြောဆိုပါတယ်။
[caption id="attachment_22922" align="alignleft" width="247" caption="ဦးဥာဏ"]
[/caption]
မိုးပြာရောင်ဦးဥာဏဟာ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က အနုပါဒါယဉ်ကျေးမှု တရားဌာနမှာ သီးတင်း သုံးနေစဉ်မှာ ၂၀၁၀ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး ဘာသာရေးပုဒ်မတွေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရတာပါ။
မိုးပြာရောင် ဦးဥာဏဟာ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဒဘာသာကို တည်ထောင်ခဲ့သူဖြစ်ပြီး ၁၉၈၃ ခုနှစ်ကတည်း ထေရဝါဒဗုဒ္ဓဘာသာကို စွန့်လွှတ်ထားသူလည်း ဖြစ်ပါတယ်။ ပစ္စုပ္ပန်ကံမဝါဒ ဗုဒ္ဓဘာသာဟာ ထေရာဝါဒနဲ့ မတူတဲ့ သီးခြားဗုဒ္ဓဘာသာ တခုဖြစ်တယ်လို့ မိုးပြာရောင်ဦးဥာဏ တပည့်သာဝါကတွေက ပြောပါတယ်။
မိုးပြာရောင် ဦးဥာဏဟာ ၁၉၈၃ ကလည်း သာသနာတော်ကို ညှိုးနွှမ်းစေမှုနဲ့ အပြစ်ပေးခံပြီး နောက် တခါ ဒီအမှုနဲ့ပဲ ပြန်ပြီး တရားစွဲအပြစ်ပေးတာဟာ အမှုတစ်ခုကို နှစ်ခါအပြစ်ပေးခံရတာဖြစ်လို့ တရားမျှတမှု မရှိဘူးလို့ ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းကလည်း ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့က သူ့ကို ဘာသာရေး ယုံကြည်ချက် အကျဉ်းသားလို ဖြစ်နေတာပဲ။ ဗုဒ္ဓဘာသာက သူ့ဘာသာသူ လမ်းခွဲထွက်ပြီးတော့ အပြာဝတ်ပြီး ရပ်တည်နေတဲ့သဘောပေါ့။ သူ့ Ism (အယူဝါဒ) တမျိုးပေါ့။ ကျနော် သူ့အယူဝါဒကို မပြောလိုဘူး။ ကျနော် ပြောတာက ဥပဒေဆိုင်ရာကိစ္စကို ပြောတာပါ။ ဥပဒေက ချပြီးသား အမှုတွေကို ထပ်ပြီးချတယ်။ ”
မိုးပြာရောင်ဂိုဏ်းဝင် ဦးဥာဏရဲ့ တပည့်သာဝကတွေကလည်း သမ္မတဦးသိန်းစိန်နဲ့ အမျိုးသား လူအခွင့်အရေးကော်မရှင်ဆီကို စာတင် အကြောင်းကြားထားတယ်လို့လည်း ပြောပါတယ်။
