အကြွေးဆပ်ပါ

‘အကြွေးရှိလျှင် ဆပ်’ ဆိုတဲ့စကားဟာ မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ စကားတခု ဖြစ်သလို ယနေ့ထက်ထိ လိုက်နာမှတ်သားနေကြရတဲ့ စကားပုံတခု ဖြစ်လာပါတယ်။ ဒီစကားကို ပြောသူကတော့ အလွန်စကားနည်းတဲ့ ဆရာတော်ဦးဗုဓ် ဆိုသူ ဖြစ်တယ်။ အပြောခံရသူကတော့ ကုန်းဘောင်ခေတ်မှာ ထင်ရှားခဲ့တဲ့ နန်းမတော်မယ်နုလို့ ခေါ်တဲ့ မိဖုရားကြီးရှင်မင်းနု ဖြစ်ပါတယ်။ ကုန်းဘောင်မင်းဆက်မှာ ပြောစမှတ်ပြုလောက်တဲ့ ဘုရင်၊ မိဖုရားတွေထဲမှာတော့ နန်းမတော်မယ်နုက ထင်ရှားသူ ဖြစ်တယ်။ မင်းမျိုးမင်းနွယ်က မဟုတ်ဘဲ အဆင့်အတန်း နိမ့်တဲ့ ဈေးသည်ဘဝ တနည်း၊ ငါးစိမ်းသည်တယောက်ကနေ မိဖုရားခေါင်ကြီး ဖြစ်လာသူဟာ မြန်မာရာဇဝင်မှာ စာတင်လောက်ပါတယ်။ မကြာသေးခင်က ကျနော်တို့ သခင်ဗဟိန်း ရာပြည့်အခမ်းအနားကို တက်ရောက်ခဲ့စဉ် အင်းဝက မယ်နုအုတ်ကျောင်းကို သွားရောက်ခဲ့တယ်။ အခုထိ အခိုင်အခံ့ တည်ရှိခဲ့ပြီး အလွန်လည်း ခမ်းနားလှတယ်။ နိုင်ငံခြားခရီးသွားတွေ လာကြည့်ကြသလို ပြည်သူပြည်သားတွေကလည်း လာကြည့်လေ့ရှိတဲ့ အုတ်ကျောင်းကြီးပဲ။ အဲဒီအုတ်ကျောင်းကြီးကို မဟာအောင်မြေဘုံစံ အုတ်ကျောင်းကြီးလို့ နာမည်ပေးထားခဲ့တယ်။ အလှူရှင်ကတော့ မိဖုရားခေါင်ကြီး နန်းမတော်မယ်နုပါပဲ။ ပထမ ရည်စူးပြီး လှူဒါန်းသူကတော့ ဆရာတော်ဦးပိုး ဖြစ်တယ်။ ဆရာတော်ဦးပိုးက ကျောင်းကြီးကို မကပ်ခင် ပျံလွန်တော်မူသွားတဲ့အတွက် ဆရာတော် မရှိတဲ့အခါ သူ့ညီတော်ဆရာတော် ဦးဗုဓ် ရှိပါတယ်။ အဲဒီတုန်းက ဆရာတော်ဦးဗုဓ်က ညောင်ကန်ရွာမှာ သီတင်းသုံးနေတဲ့ အချိန်ပဲ။ ဆရာတော်ဦးဗုဓ်ဟာ လောကီရေးထက် လောကုတ္တရာရေးကိုပဲ အာရုံစိုက်ပြီး စာပေကျမ်းဂန်တွေကို ကျက်မှတ်နေသလို စာပေကျမ်းဂန်တွေကို တပည့်သံဃာတွေကို ပို့ချပေးတယ်။ ပရိယတ္တိ၊ ပရိပတ္တိဂုဏ်တွေနဲ့ ပြည့်စုံတဲ့အတွက် မဟာအောင်မြေဘုံစံ ကျောင်းတိုက်ကြီးကို ကပ်လှူသင့်တဲ့ပုဂ္ဂိုလ်လို့ ဘုရင်ရော၊ မိဖုရားကြီးရော၊ ဆရာတော်တွေကပါ သတ်မှတ်ထားတဲ့ စာတတ်ပေတတ် ဆရာတော်ကြီးတဆူပါပဲ။ ဒါပေမယ့် ဆရာတော်ကြီးဦးဗုဓ်က စကားပြောလည်းနည်း၊ ပြောရင်လည်း ဘုကလန့်ကျကျ ပြောတတ်တယ်။ သူ့စာပေအလုပ်ကလွဲရင် ဘာမှ စိတ်မဝင်စားတဲ့ပုဂ္ဂိုလ် ဖြစ်သလို စကားပြော အလွန်နည်းပြီး ပြောလိုက်တဲ့စကားဟာ ဆိုရင်လည်း သမိုင်းဝင်ပြီး အလွန်မှတ်သားလောက်တဲ့ စကားတွေချည်းပါပဲ။ ဆရာတော်ဦးဗုဓ်အကြောင်းကို မှော်ဘီဆရာသိန်းက ယခုလို ရေးထားခဲ့ဖူးတယ်။ “ဘုရင်မင်းမြတ်လည်း ဆရာတော်များ သွင်းစာအရ မဟာဒါန်ဝန်နှင့် မဟာဒါန်စာရေးများကို ညောင်ကန်ရွာသို့ ဆရာတော်ဦးဗုဓ်ကို အပင့်စေလွှတ်တော်မူလေ၏။ မဟာဒါန်ဝန်လည်း ညောင်ကန်ကျောင်းတိုက်သို့ ရောက်လျှင် အလှူတော်များနှင့် ဘုရင်မင်းမြတ် ပင့်လျှောက်စာကို ဆရာတော်သို့ ကပ်လေ၏။ ဆရာတော်လည်း ပင့်လျှောက်စာကို ကြည့်ပြီးသော် မနည်းကြာမှ “အင်း မနက်ဖြန် မြို့တော်တက်မည်” ဟု မိန့်တော်မူလေ၏။ နောက်နေ့နံနက် ဆွမ်းစားပြီးသောအခါ မဟာဒါန်ဝန်များ စီမံထားသော လှည်းကို မစီးမူ၍ ခြေကျင်ခရီးဖြင့် ကြွတော်မူလေ၏။ မုံရွေးမြို့မှာ တညဥ့် ကျိန်းတော်မူသည်။ ချောင်းဦးဆယ်ရွာမှာ တညဥ့် ကျိန်းတော်မူသည်။ ညောင်ပင်ဝန်းမှာ တညဥ့် ကျိန်းတော်မူသည်။ စစ်ကိုင်းမြို့သို့ ရောက်သောအခါ ထူပါရုံစေတီတော်ကြီးအနီး ရှင်မဟာသီလဝံသ သီတင်းသုံးတော်မူသော ကျောင်းတိုက်တွင် တည်းခိုတော်မူသည်။ ဤအခါ အင်းဝရွှေမြို့တော်က ဘုရင်မင်းမြတ်နှင့် မိဖုရားကြီး၊ မှူးတော်မတ်တော်စု၊ သုဓမ္မာဝင် ဆရာတော်များ၊ သာသနာပိုင်ဆရာတော်ပါ စစ်ကိုင်းဘက်သို့ ကူး၍ ကြိုဆိုကြရာ ဆရာတော်ဦးဗုဓ် အနီး၌ ဝိုင်းရံလျက် ပူဇော်ကြလေ၏။ ဆရာတော်ဦးဗုဓ်က မည်သို့မျှ မိန့်တော်မမူ။ အတော်ကြာသောအခါ သာသနာပိုင်ဆရာတော်က “ညောင်ကန်ဆရာတော် ကျမ်းခန့်တော်မူပါ၏လော” ဟု အာလာပပြုတော်မူရာ ဆရာတော်ဦးဗုဓ်က “အင်း မထောင်းတာလို့ ရောက်လာတာပဲ” ဟု လျှောက်လေ၏။ နောက် သလ္လာပမပြုဘဲ နေတော်မူလေ၏။ နေ့ဆွမ်းချိန်နီး၍ ဆွမ်းကပ်ပြီးသော် အင်းဝမြို့ဘက်သို့ ကူးကြလေ၏။ မြို့ဘက်သို့ရောက်လျှင် အုတ်ကျောင်းတော်ကြီးသို့ အခမ်းအနား ခင်းကျင်း၍ ဆရာတော်ဦးဗုဓ်ကို ရွှေထီး ထီးဖြူများနှင့် မိုးကာပူဇော်ကြရာ ဘာတွေတုန်းဟု မေး၏။ ဆရာတော်ဘုရားကို ထီးပူဇော်ပါကြောင်း မဟာဒါန်ဝန်က လျှောက်ရာ ရှုပ်တယ်ဟု မိန့်တော်မူပြီး ဒုကုဋ်သင်္ကန်းကို ဦးခေါင်းပေါ်တင်၍ ကြွတော်မူလေ၏။ အုတ်ကျောင်းတော်ကြီးသို့ တက်တော်မူ၍ ဆရာတော် သံဃာတော်များအစုံ၊ ဘုရင်မင်းမြတ်နှင့် မိဖုရားကြီး ဆွေတော်မျိုးတော်၊ မှူးတော်မတ်တော်၊ ပရိသတ်တို့ စုံညီသည့်အခါ ကျောင်းတင်လှူဒါန်း ပရိတ်တော်တရားတော်ကို နာရ၍ ရေစက်သွန်းချ အမျှပေးဝေသော ဆုတောင်းစာကိုပြော ကြီးမှူးနားခံတော် နေမျိုးမင်းလှကျော်ထင်က ဖတ်လျှောက်ရသည်။ ကျောင်းတော်ကြီးလွှတ် အခမ်းအနား ပြီးသောအခါ သာသနာပိုင်ဆရာတော်ဘုရားက “ညောင်ကန်ဆရာတော်၊ ဤတင်လှူအပ်သော ကျောင်းတော်ကြီးသည် ဆရာတော် နောင်တော်၏ အရိပ်အရာဖြစ်သည့်အတိုင်း ဆရာတော် ဆက်ခံထိုက်သော အမွေခံအဖြစ်နှင့် ဒါယကာတော်ကိုမျှ မပြုဘဲ နေတော်မူ၏။” ကျနော်တို့ ရောက်သွားတုန်းက ကျောင်းကြီးဟာ အလွန်ခိုင်ခံ့ပြီး အလွန်လည်း ကြီးမားလှပါတယ်။ မြေကြီးပေါ် ဆောက်ထားတဲ့ အောက်ထပ်တခုလုံးမှာတင် အဆောင်ဆောင်၊ အခန်းခန်းနဲ့ အပေါ်ထပ်လည်း ရှိသေးတယ်။ ဘုန်းကြီးကျောင်းလို့သာ ပြောရတာ အခန်းတွေ အများကြီး ရှိပါတယ်။ ဆရာတော်ဦးဗုဓ်ကျောင်းလို့ ခေါ်ကြပေမယ့်လည်း တကယ်တော့ နန်းမတော်မယ်နု ဆောက်လုပ်လှူဒါန်းတဲ့ကျောင်းပဲ ဖြစ်တယ်။ နန်းမတော်မယ်နုဟာ ဘကြီးတော်ဘုရားလို့ ခေါ်တဲ့ ဘိုးတော်ဘုရားရဲ့ သားတော်နဲ့ရပြီး မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ခံရတဲ့ ဈေးသည်တယောက်၊ ဈေးသည်ပီပီ ခပ်သွက်သွက် စကားအပေါက်လည်း ခပ်ဆိုးဆိုး၊ ငါးစိမ်းသည်လည်း ဖြစ်တော့ လက်ရဲဇက်ရဲ နန်းတော်ထဲမှာ အာဏာလည်း ရလာရော သူ့မောင် စလင်းစား မောင်အိုနဲ့ သတ်ချင်တဲ့သူသတ် လုပ်ချင်ရာလုပ်လာတဲ့အထိ တိုင်းပြည်ကို ခါးစောင်းတင်လောက်အောင် ထင်ရာစိုင်းခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေဟာ ယခုထက်တိုင် သမိုင်းမှာ ရှိခဲ့ပါတယ်။ လူကြီးသူမတွေက နန်းမတော်မယ်နုနဲ့ နှိုင်းပြီး အပျိုလေးတွေကို ဆုံးမတဲ့အထိ ရှိလာခဲ့တယ်။ ဒီလိုနဲ့ ဘကြီးတော်ဘုရားလည်း ဩဇာကျလာ၊ သူ့မိဖုရားနဲ့ ယောက်ဖတော်တို့ရဲ့ ခြယ်လှယ်မှုကို ခံလာရပြီး မယ်နုနဲ့ မောင်အိုကလည်း ဘကြီးတော်ရဲ့ ညီတော်သူ သာယာဝတီမင်းကို အန္တရာယ်ပြုလာတဲ့အခါမှာ သာယာဝတီမင်းက ရွှေဘိုမှာ အားစုပြီး ပြန်တိုက်တဲ့အထိ ပြည်တွင်းရေး ရှုပ်ထွေးလာတယ်။ နောက်ဆုံး ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ သာယာဝတီမင်းက နန်းရ၊ သူ့အစ်ကိုတော်ကိုလည်း အန္တရာယ်မပြုဘဲ ဘုန်းကြီးဝတ်ခိုင်းလိုက်တယ်။ ဒါပေမယ့် နန်းမတော်မယ်နုနဲ့ သူ့မောင် စလင်းစား မောင်အိုတို့ကို ဖမ်းဆီးပြီး သတ်ပစ်လိုက်ပါတယ်။ တူတော်သူ စကြာမင်းသားကိုလည်း ရေနှစ် သတ်ပစ်လိုက်တယ်။ သူတို့ရဲ့ နန်းတွင်းထဲမှာ လုပ်ဆောင်ချက်တွေက သတ်သင့်တဲ့အဆင့်မှာ ရှိနေတာကြောင့် ပြည်သူတွေက လိုလိုလားလားနဲ့ပါပဲ။ မဆန့်ကျင်ကြဘူး။ နန်းမတော်မယ်နုကို သာယာဝတီမင်း သတ်လိုက်တာ နည်းတောင်နည်းသေးတယ်လို့ တချို့က ကောက်ချက်ချကြတယ်။ နန်းမတော်မယ်နုကို ဖမ်းဆီးလာချိန်မှာ ဆရာတော်ဦးဗုဓ် ကျောင်းရှေ့ရောက်တော့ ဆရာတော်ကို ဦးချခွင့်ပေးပါလို့ တောင်းဆိုတယ်။ နောက်ဆုံး သတ်ခါနီးဖြစ်တာကြောင့် ခွင့်ပေးလိုက်ပါတယ်။ ဘယ်သူ့ကိုမှ စကားတခွန်းမပြော အလွန်နှုတ်နည်းတဲ့ ဆရာတော်ဦးဗုဓ်က နန်းမတော်မယ်နုကို နောက်ဆုံးစကားတခွန်း ပြောခဲ့ပါတယ်။ “အရှင်ဘုရား တပည့်တော်ကို သူတို့ သုတ်သင်ကြပါတော့မယ်။ သာယာဝတီမင်းရဲ့ အမိန့်နဲ့ ယခု သုတ်သင်ခံရဖို့ သွားရပါတော့မယ်။ တပည့်တော်မအနေနဲ့ နောက်ဆုံး ဆရာတော်ကို ဦးချခဲ့ပါတယ်” လို့ ပြောတဲ့အခါ နှုတ်နည်းတဲ့ ဆရာတော်ဦးဗုဓ်က နန်းမတော်မယ်နုကို ကြည့်ပြီး ခေါင်းတဆတ်ဆတ်ညိတ်ပြီး... “မယ်နု၊ သူများကြွေးရှိရင် ဆပ်ရမှာပဲ” လို့ ရှားရှားပါးပါး တခွန်းတည်းပြောပြီး ကျောင်းခန်းထဲကို ဝင်သွားပါတယ်။ စကားပြောလေ့ မရှိ။ ဘုရင်နဲ့ မိဖုရားကိုတောင် နှုတ်ဆက်လေ့မရှိတဲ့ ဆရာတော်ရဲ့စကားကို ကြားလိုက်ရတဲ့အခါ ရှင်မင်းနုအဖို့ စိတ်ကြည်နူးသွားတယ်။ ပြောလိုက်တဲ့ စကားကလည်း အလွန်မှတ်သားစရာကောင်း၊ သံဝေဂရစရာလည်း ကောင်းတာကြောင့် နန်းမတော်မယ်နုဟာ သေရမှာ ကြောက်တဲ့စိတ် ပျောက်သွားပြီး ဖမ်းဆီးတဲ့သူတွေနဲ့အတူ ပြုံးပြုံးရွှင်ရွှင် လိုက်ပါသွားတော့တယ်။ နောက် မကြာခင် သုတ်သင်ခံလိုက်ရပါတယ်။ ဒီစကားဟာ အလွန်သင်ခန်းစာယူဖို့ ကောင်းတယ်။ မြန်မာစကားမှာ လုပ်ရဲရင် ခံရဲရမယ်ဆိုတဲ့ စကားလည်း ရှိတာပဲ။ လုပ်ရဲပြီး မခံရဲတဲ့သူတွေဟာ သေတဲ့အခါ ဝန်ထုပ်ဝန်ပိုးကြီးအဖြစ် ရုန်းကန်ရင်း သေဆုံးရတာဟာ အလွန်သူရဲဘောကြောင်တယ်လို့ ပြောရမှာပါ။ ဟစ်တလာဆိုရင် သူတို့စစ်ရှုံးပြီး တပ်နီတော်က ဘာလင်ကို သိမ်းတဲ့အခါ သူ ရင်မဆိုင်ရဲတော့ဘူး။ ဒါကြောင့် သူ့ကိုယ်သူ သေနတ်နဲ့ပစ်သတ်ပြီး သူရဲဘောကြောင်စွာနဲ့ လောကကနေ ထွက်ခွာသွားခဲ့တယ်။ ပြည်သူကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့သူတွေ၊ ပြည်သူ့ဘဏ္ဍာတွေကို လုယက် ခိုးယူထားတဲ့ သူတွေ၊ ရဟန်းသံဃာတွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ အလုပ်သမား၊ လယ်သမား၊ လက်လုပ်လက်စားတွေ၊ ပြည်သူတွေ သွေးချောင်းစီးခဲ့တာဟာ မြန်မာ့သမိုင်းမှာ အရုပ်ဆိုး အကျည်းတန်စွာ ရှိနေခဲ့ပါတယ်။ ပြည်သူတွေရဲ့ သွေးကြွေးတွေ၊ မျက်ရည်ကြွေးတွေ၊ အသက်ကြွေးတွေဟာ ပြည်သူကို သတ်ဖြတ်နှိပ်စက် ခေါင်းပုံဖြတ်ခဲ့တဲ့သူတွေမှာ အကြွေးတွေ တင်နေခဲ့တယ်။ ဒီလို အကြွေးတင်ခဲ့တဲ့သူတွေဟာ မဆပ်ခဲ့ကြဘူး။ ဆပ်ရဲတဲ့ သတ္တိလည်း မရှိဘူး။ သူတို့ဟာ သံသရာကိုယူသွားပြီး သံသရာကြွေး တင်ခဲ့ကြပြီ။ ဒါကြောင့် “ကြွေးရှိရင် ဆပ်ရမယ်” လို့ နန်းမတော်မယ်နုကို ဆရာတော်ဦးဗုဓ် လေးလေးနက်နက် ပြောခဲ့သလိုပဲ ကြွေးယူထားတဲ့သူတွေဟာ “အကြွေးရှိရင် ဆပ်ကြ” ဖို့ သတိရဖို့ လိုအပ်ပါတော့တယ်။ ထက်မြက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up