Homeမွနျမာသတငျးဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခရီးစဉ်တွင် တရုတ်-မြန်မာဆက်ဆံရေးအကြောင်း ပြောဆို
ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခရီးစဉ်တွင် တရုတ်-မြန်မာဆက်ဆံရေးအကြောင်း ပြောဆို

မနေ့က စတင်ခဲ့တဲ့ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း စည်းရုံးရေး ခရီးစဉ်မှာ ဒေသခံတွေ ထောင်သောင်းချီပြီး ကြိုဆိုခဲ့ပါတယ်။
လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် စည်းရုံးရေး ခရီးစဉ် ဖြစ်ပါတယ်။
မနေ့က လားရှိုးမြို့ကို သွားရောက်ခဲ့ပြီး လမ်းတလျှောက်က ဒေသခံတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံတွေကို ဝှေ့ရမ်းပြီး ရှမ်းရိုးရာ အတီးအမှုတ် အကတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တခမ်းအနား ကြိုဆိုကြပါတယ်။
လားရှိုးမြို့ ရန်တိုင်းအောင် ဘုရားကြီးက ကွင်းပြင်မှာ ဒေါ်အောင်ဆန်းစုကြည်က ထောင်သောင်းချီတဲ့ ပရိသတ်ကို ပြည်ထောင်စုစိတ်ဓာတ် အရေးကြီးတဲ့အကြောင်း မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

“တိုင်းရင်းသားလူမျိုးစု မြောက်မြားစွာနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ဖြစ်တာကြောင့် ကျမတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တိုင်းရင်းသား ပေါင်းစုံရဲ့ မျှော်မှန်းချက်တွေ၊ တိုင်းရင်းသားပေါင်းစုံရဲ့ လိုအပ်ချက်တွေ၊ အဲဒါတွေ အားလုံးကို စဉ်းစားမှ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နားထောင်ခဲ့တဲ့ ပြည်သူတဦးက “ကျောသားရင်သား မခွဲခြားဘဲ ပြည်သူလူထုရဲ့ ရပ်တည်ပေးမယ့် ပုဂ္ဂိုလ်ဖြစ်လို့ လူထုကထောက်ခံအားပေးပါတယ်ခင်ဗျ။”လို့ ပြောဆိုခဲ့ပါတယ်။
လားရှိုးမြို့ဟာ မြန်မာ-တရုတ်နယ်စပ်မြို့ ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်က တရုတ်-မြန်မာဆက်ဆံရေး အကြောင်း အလေးပေး ပြောကြားခဲ့ပါသေးတယ်။
“ပထ၀ီ အနေအထားအရ တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးတည်ကတည်းက ကျမတို့ အိမ်နီးချင်းနိုင်ငံ ဖြစ်ခဲ့တာပါ။ ကျမတို့ရဲ့ ဒီမိုကရေစီအစိုးရရှိတုန်းကလည်း နိုင်ငံရေးမှာ အဆင်ပြေခဲ့ပါတယ်။ ပြဿနာတွေ အင်မတန်မှ နည်းပါတယ်။ ဒီလိုနည်းဖို့ ဆိုတာဟာ နှစ်ဖက်စလုံးက နားလည်မှုတွေ ရှိရမယ်။ ကျမတို့လိုချင်တဲ့ ဆက်ဆံမှုက နှစ်ဖက်စလုံးက နားလည်မှု ရှိခဲ့တဲ့ ဆက်ဆံမှုမျိုးပဲ။ အဲဒီလို ဆက်ဆံမှုမျိုးကို ကျမတို့က တည်ဆောက်သွားမှာပါ။ ကျမတို့ ပြည်သူတွေ မနာစေရမယ့် ဆက်ဆံမှုမျိုး၊ ကျမတို့နိုင်ငံမှာ လာပြီး စီးပွားရှာသူတွေလည်း မနာစေရဘူး။ နှစ်ဖက် အမြတ်ရမှ စီးပွားရေးလုပ်ငန်းတခုက အကျိုးရှိတယ်လို့ ကျမကတော့ အားလုံးကို နားလည်စေချင်တယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ကြားရတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမ တဦးကလည်း သူ့ရဲ့မျှော်လင့်ချက်တွေကို မျက်ရည်တွေနဲ့ “ကျမက ပြည်ပမှာ အလုပ်လုပ်ကိုင်တဲ့ အလုပ်သမ တယောက်ပါ။ ပြည်ပမှာ ရောက်နေတဲ့ ကျမတို့ မြန်မာနိုင်ငံက နိုင်ငံသားများကို အမြန်ဆုံး ပြန်ရောက်လာနိုင်အောင် ကြိုးစားစေချင်ပါတယ်။”လို့ ဒီဗွီဘီကို ရင်ဖွင့်ပါတယ်။
မနေ့က စခဲ့တဲ့ ဒီခရီးစဉ် နှစ်ရက်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းလူမျိုးတွေ အများစုနေထိုင်တဲ့ သိန္ဒီကို သွားခဲ့ပါတယ်။
လားရှိုး၊ သိန္ဒီ၊ မိုင်းရယ်နဲ့ ကွမ်းလုံမြို့နယ်တွေ အတွက် အကျုံးဝင်တဲ့ အမျိုးသားလွှတ်တော် နေရာဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လက်ရှိ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အနိုင်ရခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အမတ်လောင်းဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ကို ကိုယ်စားပြုပြီးတော့ ယှဉ်ပြိုင် အနိုင်ရထားခဲ့တဲ့ စိုင်းမြင့်မောင် ဖြစ်ပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ကျားဖြူလို့ ခေါ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်တွေလည်း ဒီမဲဆန္ဒနယ်မှာ ၀င်ပြိုင်မှာ ဖြစ်ပါတယ်။