သရုပ်ဆောင်ရဲတိုက် ကချင်စစ်ဘေးအတွက်အလှူခံ
DVB
·
March 16, 2012

ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင် ရဲတိုက်ဟာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ကြောင့် ထွက်ပြေး နေရတဲ့ စစ်ဘေး ဒုက္ခသည်တွေ အတွက် ရည်ရွယ်ပြီး မန္တလေးမြို့မှာ ရန်ပုံငွေ ကောက်ခံမှုတွေ ပြုလုပ်နေပါတယ်။
[caption id="attachment_22683" align="alignleft" width="300" caption="ဆိပ်ဖြူကျေးရွာ အလှူခရီးစဉ်တွင် တွေ့ရသော ရဲတိုက်"]
[/caption]
ရဲတိုက်ဖောင်ဒေးရှင်းအတွက် ကမ္ဘာကြီးရဲ့ တထောင့်တနေရာမှာ သူတို့ငိုနေတယ်ဆိုတဲ့ အစီအစဉ် အမည်နဲ့ အလှူ ငွေ ကောက်ခံမှုတွေ လုပ်နေတာလို့ရဲတိုက်က ပြောပါတယ်။
“မန္တလေးမြို့မှာ လှည့်လည်ပြီး အလှူခံနေတာပါ။ ရဲတိုက် ဖောင်ဒေးရှင်း အတွက်ပါ။ စစ်ဘေးသင့် ပြည်သူတွေ အတွက် အလှူခံတာ ဖြစ်ပြီးတော့ ကချင်ပြည်နယ်ထိ သွားလှူဒါန်းမှာပါ။ ကျနော်တို့က လှည့်လည်ပြီး အလှူခံတဲ့ ပုံစံမျိုးပါ။ အလှူရှင်တွေက အိမ်ကနေ စောင့်နေရုံ ပါပဲ။ ကျနော်က တအိမ်တက် တအိမ်ဆင်း အလှူ လိုက်ကောက် ပါတယ်။”
မတ် ၁၄ ရက် နေ့ ကတည်းက အလှူစခံခဲ့တာဟာ အခုဆိုရင် သိန်း ၁၀၀ နီးပါး ရရှိပြီး ဖြစ်တဲ့ အကြောင်းနဲ့ အခုလို စစ်ဘေး ဒုက္ခသည်တွေအတွက် အလှူငွေ လိုက်လံ ကောက်ခံရမှာ အခက်အခဲတွေ ရှိပေမယ့် မန္တလေးမြို့ခံတွေက လှိုက်လှိုက်လှဲလှဲ အားပေးကြိုဆိုတယ်လို့ ရဲတိုက်က ပြောပြပါတယ်။
“တချို့ အလှူခံတဲ့ နေရာတွေမှာတော့ လူအရမ်းများတဲ့အတွက် လူအုံတာတို့၊ အချိန်ကို လိုအပ် တာထက် ပိုပေးရတာတို့၊ ခရီးနှောင့်တာတို့ တော့ ရှိပါတယ်။ ဒါပေမယ့် မြို့ခံ အားလုံးက ကြိုဆိုကြပြီး အလှူငွေတွေလည်း ၀မ်းပန်းတသာ ထက်ထက် သန်သန် ထည့်ကြတော့ ကျနော်တို့ အမောတော့ ပြေပါတယ်။”
လာမယ့် ဧပြီလထဲမှာ ကောက်ခံရရှိတဲ့ အလှူငွေတွေကို ကချင်ပြည်နယ် ဗန်းမော်မြို့ အထိ သွားရောက် လှူဒါန်းမှာ ဖြစ်ပြီး ရန်ကုန်မှာလည်း အလားတူ အလှူခံမှုတွေ လုပ်ဆောင်ဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။
