Homeမေးမြန်းခန်း
The Voice ဂျာနယ်ပါ သတင်းနဲ့ ဆက်စပ်ပြီး ပြန်-ဆက် ညွှန်ချုပ် ဦးရဲထွဋ်နဲ့ ဆက်သွယ်မေးမြန်းချက်
The Voice ဂျာနယ်ပါ သတင်းနဲ့ ဆက်စပ်ပြီး ပြန်-ဆက် ညွှန်ချုပ် ဦးရဲထွဋ်နဲ့ ဆက်သွယ်မေးမြန်းချက်
DVB
·
March 15, 2012

မတ် ၁၂ ရက်နဲ့ ၁၈ ရက်စွဲ ထုတ်ဝေခဲ့တဲ့ The Voice ဂျာနယ် အတွဲ ၈ မှာပါတဲ့ ဝန်ကြီးဌာနတချို့ရဲ့ ကျပ်သိန်းထောင်ချီ အလွဲသုံးစားလုပ်မှုများ စစ်ဆေးတွေ့ရှိတယ်ဆိုတဲ့ ပတ်သက်ပြီးတော့ သတ္ထုတွင်း ဝန်ကြီးဌာနက တုံ့ပြန်ချက်ကို မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။
ဒီ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကြေညာချက်က သတ္ထုတွင်း ဝန်ကြီးဌာနရဲ့ ကြေညာချက်ဖြစ်ပေမဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက တဆင့် သတင်းကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်တဲ့ အတွက် ဒီ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ညွှန်ချုပ် ဦးရဲထွဋ်ကို ဆက်သွယ်ပြီးတော့ ဒီသတင်း အပေါ်မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့အမြင်ကို သုံးသပ်ဆွေးနွေး မေးမြန်းထားပါတယ်။
ဦးရဲထွဋ်ခင်ဗျား။ လောလောဆယ်မှာ ငွေကွာတဲ့ ဖြစ်စဉ်ထဲမှာ ဝန်ကြီးဌာန ၆ ခု လို့ ကျနော်တို့ သိရပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနဘက်ကရော ဒီ ငွေကွာတယ် ဆိုတဲ့သတင်း ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီးတော့ ဆရာတို့ဘက်က ဘယ်လို သုံးသပ်ချက် ရှိလဲ။
“ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျနော် နည်းနည်းလေး ရှင်းပြချင်ပါတယ်။ The Voice မှာ ပါတဲ့ ဖြစ်စဉ်က မြန်မာ့အလင်း သတင်းစာတိုက်မှာ ကျနော်တို့ ငွေကြေးနဲ့ အုပ်ချုပ်မှု ကိစ္စ အားလုံးကို တာဝန်ယူတဲ့ မန်နေဂျာ ဦးထွန်းထွန်းလတ်၊ နောက် သတင်းစာဖြန့်ချိရေးတာဝန်ယူရတဲ့ လက်ထောက်မန်နေဂျာ ဦးကျော်မင်းဦး၊ နောက် ငွေစာရင်း တာဝန်ယူရတဲ့ လက်ထောက်မန်နေဂျာ ဦးဝင်းမြင့်တို့ ၃ ယောက် ပေါင်းပြီးတော့မှ နိုင်ငံတော်ကို သွင်းရမယ့် သတင်းစာဖိုးကို မသွင်းဘဲနဲ့ သူတို့ အလွဲသုံးစား လုပ်ခဲ့တဲ့ အမှု ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဝန်ကြီးဌာနမှာတော့ ဒီလုပ်ငန်းအားလုံးဟာ ငွေကြေးသုံးစွဲတဲ့အခါမှာ လိုက်နာရမယ့် စည်းမျဉ်းတွေကို တိတိကျကျ သတ်မှတ်ထားပါတယ်။ သို့သော် ဒီမှာ တာဝန်ယူရတဲ့ သူတွေက ကိုယ်တိုင်က ဒါကို အလွဲသုံးစား လုပ်တဲ့အခါမှာ နှစ်ပတ်လည် စာရင်းစစ်တဲ့ အခါကျတော့ ဒီငွေသွင်းတဲ့အခါမှာ ကွဲလွဲမှုတွေ ရှိနေကြောင်း ကျနော်တို့ စပြီးတော့ တွေ့ပါတယ်။ ယေဘုယျ တိတိကျကျ ပြောရရင်တော့ မနှစ်က နှစ်လည်လောက်မှာပေါ့။ ဒါကို သိတဲ့အချိန်မှာ ဝန်ကြီးက ဦးဆောင်ညွှန်ကြားရေးမှူး တယောက် ဦးစီးတဲ့ စုံစမ်းရေးအဖွဲ့ကို ဖွဲ့ပြီးတော့ ခိုင်းပါတယ်။ စစ်တဲ့အခါမှာ အလွဲသုံးစား လုပ်ကြောင်း ပေါ်လွင်တဲ့ အတွက်ကြောင့် မို့လို့ တာဝန်ရှိတဲ့ ဝန်ထမ်းတွေ အားလုံးကို ဥပဒေအရ တရားစွဲပြီးပါပြီ။ နောက်ထပ် ဒီလို ဖြစ်စဉ်မျိုး မဖြစ်အောင် အဆင့်ဆင့် ကြပ်မတ်တဲ့ နည်းလမ်းတွေကိုလည်း ထပ်ပြီးတော့ သတ်မှတ်ပြီး လိုက်နာ ဆောင်ရွက်နေပါတယ်။ ဒါကတော့ ပြန်ကြားရေးဌာနရဲ့ ဖြစ်စဉ်ပါပဲ။”
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ငွေကွာတဲ့ အပေါ်မှာ အရေးယူ ဆောင်ရွက်တဲ့ ကိစ္စပေါ့။ ဒါပေမဲ့ မနေ့က သတင်းစာမှာ တွေ့ရတဲ့ သတင်း အရေးအသားနဲ့ ကျတော့ ဆရာတို့ ပြန်ကြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ရတဲ့ သဘောလား။
“ကျနော်တို့ သတင်းစာမှာပါတဲ့ သတင်းကတော့ သတ္ထုတွင်း ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်ကိုပဲ သတင်းအဖြစ် ကျနော်တို့ ဖော်ပြတာပါ။ ဒီနေရာမှာ ကျနော်တခု ရှင်းပြချင်တာက The Voice က ဒီသတင်းကို ရေးတဲ့အခါမှာ သတင်းခေါင်းစဉ်ကို ကြည့်လိုက်မယ်ဆိုရင် ဝန်ကြီးဌာနအချို့၏ ငွေသိန်းထောင်ချီ အလွဲသုံးစား လုပ်မှုမှာ စစ်ဆေးတွေ့ရှိမှုများ လို့ ခေါင်းစဉ် တပ်ခဲ့တယ်။ ကျနော်တို့ ဝန်ကြီးဌာနနဲ့ ပတ်သက်ရင်လည်း ဂျာနယ်ထဲမှာ သတင်းထောက်က ဘယ်လို ရေးလဲဆိုတော့ ပြန်ကြားရေး ဝန်ကြီးဌာန၏ ငွေအလွဲသုံးစား ပြုမှုများ လို့ ရေးထားတယ်။ စာဖတ် ပရိသတ်တယောက်က အဲဒါကို ကြည့်လိုက်မယ်ဆိုရင် ခုနက ကျနော်ပြောခဲ့တဲ့ ဝန်ထမ်း ၃ ယောက် ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ဝန်ကြီးဌာနက လူကြီးတွေ ကိုယ်တိုင်က ကျူးလွန်တယ် ဆိုတဲ့ နားလည်မှု လွဲမှားသွားနိုင်တာကို တွေ့ရတယ်။ စာနယ်ဇင်း ကျင့်ဝတ်အရ ဆိုရင်တော့ အဲဒါ သတင်းထောက်နဲ့ အယ်ဒီတာက စာဖတ်သူကို လွဲမှားတဲ့ သဘောမျိုး(misleading) လုပ်တဲ့ သဘောမျိုး ရောက်နေတယ် လို့ ကျနော်တို့ မြင်တယ်။”
စကားလုံး အသုံးအနှုန်းမှာကတော့ ပြန်ကြားရေးဝန်ကြီးဌာန၏ ငွေအလွဲသုံးစားလုပ်မှုလို့ ရေးထားတဲ့အပေါ် ဆရာတို့က ဒါကို ဝေဖန်တာပေါ့။ ပြန်ကြားရေး ဝန်ကြီးဌာနမှာ ပြဿနာဖြစ်နေတဲ့ ဝန်ထမ်းတွေကြောင့်လို့ မရေးထားတဲ့အတွက်လို့ ဆရာက ဆိုလိုချင်တာလား။ အဲဒီလို ဝေဖန်ချင်တာလား။
“မှန်ပါတယ်။ တကယ်တော့ ဂျာနယ်တိုက်အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းအချို့ ငွေအလွဲသုံးစား ပြုလုပ်မှုများ တွေ့ရှိလို့ ဆိုရင် တမျိုးပေါ့။ ဒါဆိုရင် ကျနော်တို့က ဘယ် ဝန်ထမ်းဆိုတာ ဖတ်တဲ့သူက နားလည်တာပေါ့။ ဒါပေမဲ့ သူတို့ ခေါင်းစဉ် တပ်လိုက်တာကိုက ဌာနအချို့၊ ပြန်ကြားရေး ဝန်ကြီးဌာန၏ လို့ ဆိုတော့ ဝန်ကြီးဌာနကြီး တခုလုံးကိုက ဒီကိစ္စကြီးမှာ ပါဝင် ပတ်သက်နေပြီး လုပ်တဲ့ ပုံစံမျိုးဆိုတော့ ဒါက သိပ်ပြီး ကျင့်ဝတ်နဲ့ မညီဘူးလို့ ယူဆပါတယ်။”
မနေ့က သတင်းစာရဲ့ ကြေညာချက်မှာ တွေ့တာပေါ့။ သတင်းစာကြေညာချက်မှာ သတ္ထုတွင်း ဝန်ကြီးဌာနကနေပြီးတော့ ဥပဒေကြောင်းအရ ဆောင်ရွက်မယ်လို့ ရေးထားတာ တွေ့ရပါတယ်။ သတ္ထုတွင်းဌာန ဝန်ကြီးက ဆိုလိုသည် ဒါမှမဟုတ် တာဝန်ရှိသူတယောက်က ပြောကြားသည်လို့ ကျနော်တို့ မတွေ့ရပါဘူး။ ဒါက သတ္ထုတွင်း ဝန်ကြီးဌာနရဲ့ ကြေညာချက်ကိုပဲ ဖော်ပြတာလား။ ဘယ်လို ယူဆရမလဲ။
“သတ္ထုတွင်း ဝန်ကြီးဌာနကတော့ The Voice သတင်းမှာ ပါတဲ့ အချက်တွေက မှားယွင်းတဲ့ အတွက်ကြောင့်မို့ ဌာန ဂုဏ်သိက္ခာကို ထိခိုက်တယ်။ ပြည်သူတွေရဲ့ ယုံကြည်မှု လျော့စေတဲ့အတွက် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ဖို့ ရှိပါတယ် ဆိုတဲ့ သတင်းထုတ်ပြန်ချက်လို အကြောင်းကြားစာ မျိုး ပြန်ကြားရေးဌာနကို ပို့ပါတယ်။ ပို့တဲ့ အတွက်ကြောင့်မို့လို့ ဒီအကြောင်းကြားစာ ထဲကနေပြီးတော့မှ နိုင်ငံတကာ သတင်းစာတွေ ကျင့်ဝတ်လိုမျိုး သူတို့ရဲ့ သတင်းထုတ်ပြန်ချက်ထဲကနေ ကျနော်တို့က ကောက်နှုတ် အသိပေးသင့်တဲ့ ဟာကို ထုတ်ပြီးတော့မှ သတင်းအဖြစ်နဲ့ ရေးလိုက်တဲ့ သဘောပါ။”
စာဖတ်သူတွေ အမြင်မှာကျတော့ ဒီ သတ္ထုတွင်း ဝန်ကြီးဌာန ကနေပြီးတော့ အဲဒီလို တုံ့ပြန်တယ် ဆိုတာကို တွေ့တဲ့အခါကျတော့။ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတွေ ထွက်နေတာက စိုက်ပျိုးရေး၊ ပြန်ကြားရေး၊ စက်မှု၊ သတ္ထုတွင်း စသည်ဖြင့်ပေါ့။ တခြား ဝန်ကြီးဌာနတွေက ဘာမှ မပြောဘူး။ သတ္ထုတွင်း ဝန်ကြီးဌာန တခုတည်းပဲ သတင်းထုတ်ပြန်ချက် ထုတ်တယ်ဆိုတဲ့ အခါကျတော့ စာဖတ်သူ အမြင်မှာ တမျိုးများ ဖြစ်နိုင်မလား။
“ကျန်တဲ့ ဝန်ကြီးဌာနတွေတော့ ဘာတွေလုပ်နေလဲ ဆိုတာကို မသိပါဘူး။ ကျနော်တို့ ဝန်ကြီးဌာနမှာတော့ ခုန ဖြေလိုက်သလိုပေါ့။ သူတို့ သတင်း ခေါင်းစဉ် တပ်တဲ့ နေရာမှာ သတင်းစာသား ရေးတဲ့အခါမှာ ကျင့်ဝတ်နဲ့ သိပ်မညီတဲ့ ဟာမျိုးတွေကို သုံးသပ်ပြီးတော့ ဝန်ကြီးဆီကို တင်ပြထားပါတယ်။ ဝန်ကြီးက ဘာ ဆုံးဖြတ်မယ်ဆိုတာ မသိရသေးပါဘူး။ ပြန်ကြားရေးဌာနကလည်း သတင်း လွတ်လပ်ခွင့်ကို တာဝန်ရှိမှုနဲ့ ပူးတွဲပြီး ကျင့်သုံးတာမျိုးပဲ လိုချင်ပါတယ်။ သတင်းထောက်အနေနဲ့ တဆင့်ပြော သတင်းဆိုရင်လည်း ဒါ မှန်၊ မမှန် နောက်ထပ် သတင်းရင်းမြစ်ကနေ အတည်ပြုရပါမယ်။ တကယ်လို့ မူရင်း အစီရင်ခံစာကို ရေးတယ်ဆိုရင်လည်း အစီရင်ခံစာရဲ့ ဆိုလိုချက်နဲ့ သူ သတင်းမှာ ရေးတဲ့ ဟာနဲ့က အဓိပ္ပာယ် ကွဲလွဲ မသွားဖို့ လိုအပ်ပါတယ်။ တာဝန်ရှိတယ်လို့ ထင်ပါတယ်။”
ဥပဒေကြောင်းအရ ဆောင်ရွက်သွားမယ် ဆိုတဲ့ သဘောကို ပြည်တွင်း သတင်း မီဒီယာလောကမှာ ဒါ တရားစွဲတာလို့ပဲ နားလည်တာပါ။ ဒါပေမဲ့ ဥပဒေကြောင်းအရ ဆောင်ရွက်မယ် ဆိုတာက တရားစွဲမယ်လို့ တိုက်ရိုက် အဓိပ္ပာယ် သက်ရောက်သလားဗျ။
“ကျနော်ထင်တယ်။ ဥပဒေအရ လုပ်ထုံး လုပ်နည်းတွေတော့ ရှိမှာပေါ့။ ကျနော်လည်း ဥပဒေနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူမဟုတ်တော့ ဒီထဲကနေပြီးတော့ ဘာကိုရွေးမယ်ဆိုတာကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ သဘောထားပဲ ဖြစ်ပါလိမ့်မယ်။”
လောလောဆယ်မှာ ဒီလိုမျိုး ဝန်ကြီးဌာနတွေကို အလွဲသုံးစား လုပ်တာတွေ၊ စစ်ဆေးတွေ့ရှိတယ် ဆိုပြီးတော့။ ဒီလိုမျိုး ရေးသားခွင့် အပေါ်မှာ စာပေစိစစ်ရေးက ပိတ်ဆို့မှု မရှိဘဲနဲ့ လွှတ်ပေးနိုင်တယ်ဆိုတဲ့ အခြေအနေကို တွေ့ရတယ် ဆိုတော့ သတင်းလွတ်လပ်ခွင့် ရှိပြီလို့ သုံးသပ်လို့ ရနိုင်ပါသလား။
“The Voice ဂျာနယ်ဖြစ်စဉ်မှာ ဒီလိုဗျ။ စာပေစိစစ်ရေးက ဒီသတင်းကို တွေ့တဲ့အခါမှာ သူတို့ အယ်ဒီတာကို ဖုန်းဆက်ပြီး ပြောတယ်။ ခင်ဗျားတို့ သေချာပြီလား။ သေချာ ခိုင်မာအောင် လုပ်ပါဦး။ မခိုင်မာတဲ့ အထောက်အထားတွေ တွဲပြီး ပါ မလာတဲ့ အတွက်ကြောင့်မို့ ခဏ ဆိုင်းငံ့ထားပါဦး ဆိုပြီးတော့ ကျနော်တို့က အသိပေး အကြောင်းကြားလိုက်တယ်။ ဒါပေမဲ့ ဂျာနယ်တိုက်က ဒါကို ဆက်ပြီးတော့ ထည့်လိုက်တာပေါ့။ အဲဒီတော့ အခု သက်ဆိုင်ရာ ဝန်ကြီးဌာနတို့ ဘာတို့က ဥပဒေကြောင်းအရ ဆောင်ရွက်မယ်ဆိုတာကလည်း တကယ်တော့ ပြန်ကြားရေးဌာနက စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ဖို့ လုပ်တာတော့ မဟုတ်ပါဘူး။
အရင် ကျနော်တို့ ကျင့်သုံးတဲ့ စနစ်အရဆိုရင်တော့ ကြီးကြပ်မှု ဗဟိုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီ The Voice ဂျာနယ်ကို ကာလ သတ်မှတ်ပြီးတော့ ၁ ပတ် သို့မဟုတ် ကာလ ဒါမှမဟုတ် လုံးဝ ပိတ်တာမျိုး လုပ်ပါတယ်။ အခုချိန်မှာတော့ ကျနော်တို့က စာနယ်ဇင်းတွေအနေနဲ့ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို ခွင့်ပြုထားတဲ့ အတွက် ကြောင့်မို့လို့ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စမှာ ကြားမဝင်ပဲနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ဥပဒေ ကြောင်းကပဲ ဆက်ပြီးတော့ ဆောင်ရွက်ပါ။ The Voice ဂျာနယ်အနေနဲ့လည်း မိမိသတင်းမှန်တယ်၊ မိမိရေးတာ မှန်တယ်ဆိုရင် တရားရုံးမှာ သက်သေပြဖို့ပဲ လိုတယ်ဆိုပြီးတော့ ကျနော်တို့ ကျင့်သုံးတာ ဖြစ်ပါတယ်။”
နောက်ဆုံး အကျဉ်းချုပ်လိုက်မယ်ဆိုလို့ ရှိရင် သတ္ထုတွင်း ဝန်ကြီးဌာနက ဒီလိုမျိုး ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုပြီးတော့ ကြေညာချက် ထုတ်ပြန်တယ်။ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်တိုင်အနေနဲ့တော့ ဘယ်လိုမျိုး တုံ့ပြန်မယ်ဆိုတာကို အခုထိ မသေချာသေးဘူးလို့ ဆိုလိုတာမျိုးလား။
“ဟုတ်ပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနက နေပြီးတော့ ကျနော်တို့ရဲ့ ဒီသတင်းအပေါ်မှာ တွေ့ရှိချက်ကိုတော့ လူကြီးတွေဆီကို တင်ပြထားပြီး ပါပြီ။ လူကြီးတွေက ဆက်ပြီးတော စဉ်းစားမှာပေါ့။ တကယ်တမ်း ပြောရရင်တော့ အခု အစိုးရ ဝန်ကြီးဌာနတွေက စာနယ်ဇင်းတွေကို ဥပဒေကြောင်းအရ လုပ်မယ် ဆိုတာထက် ကျနော်တို့ ပြီးခဲ့တဲ့၁ နှစ် ၂ နှစ်အတွင်းမှာ ပြန်ကြည့်လိုက်ရင် စာနယ်ဇင်းအချင်းချင်း တရားစွဲတာ၊ မိမိအကြောင်း မရေးဖို့ သတိပေးစာ ပို့တာတွေက ပိုများနေတာကို တွေ့မှာပေါ့။ ဒါတွေက ကျနော်တို့ အခု မီဒီယာ ပြုပြင် ပြောင်းလဲရေး လုပ်တဲ့အခါမှာ ကျနော်တို့ တွေ့နေရတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အခက်အခဲတွေပါပဲ။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ငွေ အလွဲသုံးစား ပြုမှု ဆိုတဲ့ စကားအပေါ်မှာပဲ ဆရာတို့ အဓိက ဝေဖန်တဲ့ သဘောပေါ့။
“ဟုတ်ပါတယ်။ ဒီ တရားစွဲတဲ့ ဖြစ်စဉ်က ကျနော် ထင်တယ်။ လွန်ခဲ့တဲ့ ၂ လ ၃ လ ကလည်း ပြစ်မှုတွေ အကြောင်း ရေးတဲ့ စာစောင်တွေမှာ ပါခဲ့ပြီးပါပြီ။ ဘယ်သူ့ကို ကျနော်တို့ အမှုဖွင့်ပြီးတော့ အရေးယူနေတယ်။ ငွေတန်ဖိုးက ဘယ်လောက် ရှိတယ် ဆိုတဲ့ တရားရုံးကနေ ရတဲ့ သတင်းအပေါ် မူတည်ပြီးတော့ သူတို့ ရေးပြီးသားပါ။ ကျနော်တို့လည်း ဒီသတင်းက လုပ်တဲ့လူက ကျူးလွန်တယ်၊ ကျနော်တို့ ဖော်ထုတ်တယ်။ ဖော်ထုတ်လို့ တွေ့တဲ့အခါမှာလည်း ဥပဒေကြောင်းအရ လုပ်သင့်လုပ်ထိုက်တဲ့ အတိုင်းပဲ ဘာမှ ဖုံးကွယ်တာ ကွယ်ဝှက်တာ မရှိဘဲနဲ့ တရားစွဲဆိုတယ်။ အထက်ဌာနတွေကို ကျနော်တို့ အဆင့်ဆင့် သတင်းပို့တယ် ဆိုတဲ့ အလုပ်တွေ လုပ်ထားပြီးသား ဖြစ်တော့။ ကျနော်တို့က ဒီသတင်းကို ပိတ်ဆို့နေတာ မဟုတ်ဘူး။ ကျနော်ပြောချင်တာက သတင်းကို ရေးတဲ့အခါမှာ ပရိသတ် နားလည်မှုလွဲအောင် ကျင့်ဝတ်အရ မလိုက်နာတဲ့ ကိစ္စကိုပဲ ထောက်ပြနေခြင်း ဖြစ်ပါတယ်။”