နေပြည်တော်၊ ပဲခူး၊ ရှမ်းနှင့် ကရင်ပြည်နယ်တွင် သီးနှံဖျက် ကြွက်များကျနေ
DVB
·
August 28, 2017

နေပြည်တော်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ သီးနှံဖျက် ကြွက်တွေကျနေပြီး ဝါးပန်းတွေပွင့်ရင် ကြွက်နှိမ်နင်းရေးလုပ်ကြဖို့ သီးနှံကာကွယ်ရေးဌာနခွဲက ကြွက်ဂေဟဗေဒ ပညာရှင် ဒေါက်တာညိုမီထွေး ကပြောပါတယ်။
လက်ရှိမှာတော့ ကရင်ပြည်နယ်ရွာ ၈ ရွာ၊ စစ်ကိုင်းတိုင်းနန်းယွန်းဒေသ၊ ရှမ်းပြည်နယ် ဖယ်ခုံဒေသတွေက စိုက်ခင်းတွေမှာ ကြွက်ဖလောင်းတွေ ကျခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
နေပြည်တော်မှာလည်း ကြွက်တွေကျနေတယ်လို့ သိရပေမယ့် အသေးစိတ် အချက်အလက်တွေကို စုံစမ်းဆဲဖြစ်တယ်လို့ သီးနှံကာကွယ်ရေးဌာနခွဲက သိရပါတယ်။
ဝါးပန်းပွင့်ပြီး ဝါးသီးတွေကိုစားတဲ့ကြွက်တွေဟာ သားပေါက်နှုန်းပိုကောင်းလာပြီး စိုက်ခင်းတွေကို ဖျက်ဆီးနှုန်းပိုများတတ်တယ်လို့ ဒေါက်တာညိုမီထွေးကပြောပါတယ်။
“ဝါးပန်းပွင့်ချိန်ကနေ စိုက်ခင်းတွေကို ကြွက်ကျတဲ့ကာလအထိ ကြားအချိန် ၅ လ ရှိတယ်။ အဲဒီ ၅ လအတွင်းမှာ ကြွက်ကာကွယ်နှိမ်နင်းရေးကို လုပ်ထားရင်လုပ်ထား၊ ဒီကာလကျော်ပြီး Out Break ဖြစ်သွားရင်တော့ မရဘူး” လို့ ပြောပါတယ်။
အခုနှစ်အတွင်းမှာပဲ မြန်မာပြည်ဒေသအနှံ့မှာ ဝါးပန်းတွေပွင့်ခဲ့ပြီး မိုးဦးကျကာလမှာ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဇီးချိုင်ရွာ၊ ဟင်္သာတမြို့၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွေမှာ ကြွက်ဝမ်းဖြူနဲ့ ကြွက်ဖလောင်းတွေ ကျခဲ့ပါတယ်။
မနှစ်ကလည်း နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း တွေမှာ ကြွက်တွေဖျက်ဆီးလို့ စိုက်ခင်းဧက ၁၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်
ပျက်စီးသွားတဲ့ သီးနှံခင်းတွေနေရာမှာ ပြန်လည် စိုက်ပျိုးနိုင်ဖို့ သီးနှံပျက်စီးဆုံးရှုံးမှုစာရင်းကို
သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဌာနတွေနဲ့ စိုက်ပျိုးရေးဦးစီးဌာနတို့ကို ပေးပို့ခဲ့ပေမယ့် အစားထိုး မပေးနိုင်သေးဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ ခုနှစ်တွေမှာ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းတွေမှာ ကြွက်တွေ အကြီးအကျယ်ကျခဲ့ပြီး စိုက်ခင်းတွေ အားလုံးနီးပါးပျက်စီးခဲ့ဖူးပါတယ်။
သတင်း - ရူပါအောင်ဝင်း