နတ်မောက်တွင် ချောင်းကိုဖြတ်ကူးသည့်ကားသမား ရေနှင့်မျောပါပျောက်ဆုံးနေ
ပိုင်စိုး
·
August 21, 2017

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လေးအိမ်ရွာနားမှာ ဒီနေ့မနက်က ရေကျော်ချောင်းကို ဖြတ်ကူးနေတုန်း ကားစက်ပျက်လို့ အောက်ဆင်းတဲ့ ကားသမား ရေနဲ့မျောပါပျောက်ဆုံးနေတယ် လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
နတ်မောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက “ကားက ဝိတ်နဲ့ဆိုတော့ ရေကျော် နေပေမယ့် မနက် ၇ နာရီလောက်က ဖြတ်ကူးတယ်လို့ သိရပါတယ်။ ရေလယ်မှာ ကားပျက်တော့ မောင်းသူက အောက်ကိုဆင်းရင်း ရေနဲ့ မျောပါသွားတယ်။ အခုတော့ ရှာနေတုန်းပါပဲ” လို့ နေ့လယ် ၁ နာရီအချိန်မှာ ဒီဗွီဘီကို ပြောပါတယ်။
စပယ်ယာကတော့ ကားခေါင်မိုးပေါ်တက်နေပြီး သွားရောက်ကယ်ဆယ်ပေးခဲ့သလို ကားကိုလည်း ယန္တရားတွေနဲ့ ဖယ်ရှားပေးပြီးပြီလို့ သူက ပြောပါတယ်။
“မိုးရွာရင်တော့ လမ်းမှန်သမျှ ရေကျော်တွေချည်းပဲ။ ဒါပေမယ့် တစ်နာရီလောက်နေရင် ရေပြန်ကျတယ်။ အခုလည်း ကားမောင်းသူကို ကယ်ဆယ်ရေးတွေက ချောင်းရိုးတလျှောက် လိုက်ရှာနေပါတယ်။ ရေကူးတတ်တယ်လို့တော့ သိရတယ်” လို့ ဦးကျော်ခိုင်ထွန်းက ဆက်ပြော ပါတယ်။
ကားမောင်းသူဟာ ကားပိုင်ရှင်ရဲ့သားလို့ သိရပြီး ပြည်ကနေဆန်တွေတင်ပြီး မန္တလေးဘက်ကို တောင်တွင်းကြီး-နတ်မောက်-ပျော်ဘွယ်လမ်းအတိုင်း မောင်းနှင်လာတာ ဖြစ်ပါတယ်။