လက်နက်ခဲယမ်းများဖမ်းဆီးရမိမှုအတွက် ထိုင်းကို မြန်မာကာချုပ်ကျေးဇူးတင်
DVB
·
August 16, 2017
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှ လက်နက်ခဲယမ်းတွေ မြန်မာနယ်စပ်သို့ ဖြတ်သန်းသယ်ဆောင်စဉ် ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းအသံအမတ်ကြီးကိုပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး ဂျူကာဘွန်းလောင်းကို သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ လက်ခံတွေ့ဆုံစဉ်ပြောကြားခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပါတယ်။
ဇူလိုင်လအတွင်း ထိုင်း-မြန်မာနယ်စပ်မှ ဖြတ်ကျော်သယ်ဆောင်လာတဲ့ လက်နက်တွေ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရရှိခဲ့မှုနဲ့ ဆက်စပ်သတင်းဖော်ထုတ်ချက်တွေအရ ထိုင်းနိုင်ငံရဲ့ လက်နက်ထိန်းသိမ်းထားသိုမှု လုံခြုံရေးကို ပါထိခိုက်စေနိုင်တဲ့ အခြေအနေတွေကို လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းသံအမတ်ကြီးကတော့ မြန်မာနိုင်ငံရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးကို ထိခိုက်စေမှာ မလိုလားတဲ့အကြောင်း လက်နက်မှောင်ခိုနဲ့ မူးယစ်ဆေးဝါးတွေ တားဆီးနှိမ်နင်းရေး ကိစ္စရပ်တွေမှာ ပိုမိုပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြန်လည်ပြောဆိုခဲ့တဲ့အကြောင်း သိရပါ တယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဘက်မှ ထောက်ခံရပ်တည်ကြောင်းနဲ့ အကြမ်းဖက်မှုကိစ္စရပ်တွေ တားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိုင်းသံအမတ်ကြီးက ပြောကြားခဲ့တယ်လို့လည်း တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- တပ်မတော်