မုံရွာမြို့မှ ပြောင်းရွှေ့ရမည့် သုသာန်နေရာတွင် ဝိညာဉ်ပို့ပွဲ ပြုလုပ်မည်
DVB
·
August 10, 2017

ပြောင်းရွှေ့ရတော့မယ့် မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ မြို့သစ်သုသာန်နေရာမှာ သြဂုတ် ၁၁ ရက်နေ့ ဝိညာဉ်ပို့ပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဲဒီသုသာန်မြေနေရာကို မြို့နယ်စည်ပင်သာယာက ဇွန် ၂၂ ရက်မှာ သင်္ဂြိုဟ်ခွင့် စပိတ်ခဲ့တာဖြစ်ပြီး ဝိညာဉ်တွေကို ကား ၃ စင်းနဲ့ ဆားကျင်းသုသာန်ကို ပို့ဆောင်သွားမှာပါ။
မြို့နယ်စည်ပင်သာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက “၁၁ ရက်မှာ အပြီးပြောင်းရွှေ့သွားမှာပါ။ ကျွမ်းကျင်ဆရာတော်ကြီး ၁၀ ပါးကိုလည်း ပင့်ဖိတ်ပြီး ဘာသာရေးအရ အမျှဝေတာတို့လည်း ပြုလုပ်သွားမှာပါ။ နောက်ပြီး စည်ပင်ကနေလည်း ဥပဒေအရ လုပ်ထုံးလုပ်နည်းနဲ့အညီ အမိန့်ပြန်တာတို့လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ သင်္ဂြိုဟ်ထားတဲ့ ရုပ်အလောင်းတွေနဲ့ အရိုးတွေကိုလည်း မိသားစုဝင်တွေအနေနဲ့ မိမိတို့ ဆန္ဒအလျောက် သုသာန် ပြောင်းရွှေ့သင်္ဂြိုဟ်တာတို့ ဘာတို့ ဆောင်ရွက်ခွင့်ပေးထားပါတယ်။ အမိန့်ပြန်ပြီး ဝိညာဉ်အားလုံး ပြောင်းရွှေ့ပြီးရင်တော့ နောက်ရက် သုသာန်အတွင်း အကုန်ရှင်းလင်းတော့မှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
အဲဒီရပ်ကွက်အတွင်းမှာ နာရေးဖြစ်လာရင်တော့ သုသာန်မြေနေရာအသစ် မရသေးသရွှေ့ ဆားကျင်းသုသာန်နဲ့ မြနန္ဒာသုသာန်တွေမှာ အခမဲ့ သင်္ဂြိုဟ်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။
“ရပ်ကွက်သူရပ်ကွက်သားတွေ တင်ပြချက်ကို လိုက်လျောပေးသွားမှာ ဖြစ်ပါတယ်။ အခု သုသာန်ဖျက်ခံလိုက်ရတဲ့ ရပ်ကွက်အတွင်းမှာ နာရေးဖြစ်လာရင် စည်ပင်ကနေ ငွေ ၃၀၀၀၀ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး မီးသင်္ဂြိုဟ်စရိတ် ငွေ ၄၀၀၀၀ အတွက်ကိုလည်း အခမဲ့ ဆောင်ရွက်ပေးသွားမှာပါ။ သုသာန်မြေနေရာအသစ်ကိုလည်း ရှာဖွေနေပါတယ်” လို့ ဦးကျော်မျိုးဝင်းက ဆက်ပြောပါတယ်။
မြို့သစ်သုသာန်ဟာ တိုင်းဒေသကြီး အစိုးရရုံးနဲ့ လွှတ်တော်အနီး မြောက်ဘက်မှာ တည်ရှိနေပြီး လူနေအိမ်ခြေတွေ ထူထပ်လာတဲ့အတွက် မြို့ပြအင်္ဂါရပ်နဲ့အညီ ရွှေ့ပြောင်းရတာလို့ သိရပါတယ်။
အဲဒီသုသာန်ကို စည်ပင်သာယာရေး ဥပဒေပုဒ်မ ၇ ပုဒ်မခွဲ (လ)(ဝ)၊ ပုဒ်မ -၂၀ ပုဒ်မခွဲ (က)(ခ) ၊ ပုဒ်မ-၆၀ ပုဒ်မခွဲ (ဂ) အရ မြို့နယ်စည်ပင်မှ ဖယ်ရှားခြင်းဖြစ်တယ်လို့ သိရပါတယ်။
သတင်း - ရန်နိုင်စိုး