သံတိုင်ကြားကပန်းချီကားများ ပြပွဲ ကျင်းပမည်
ရွှေအောင်
·
March 8, 2012

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်တွင်းဘဝ ဖြတ်သန်းမှုကို တင်ပြဖို့  ရည်ရွယ်တဲ့ အနေနဲ့ သံတိုင်ကြားက ပန်းချီကားများ အမည်ရှိတဲ့ ပန်းချီ ပြပွဲ တရပ်ကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းက စာပေလောက ဆိုင်ခွဲ-၂ မှာ မတ် ၉ ရက်က စပြီး ကျင်းပပြုလုပ်ပါမယ်။
ပြပွဲမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြတဲ့ မင်းကိုနိုင်၊ ဋ္ဌေးကြွယ်၊ ပြုံးချို၊ ဂျင်မီတို့ရဲ့ ပန်းချီကားတွေ၊ ၉၆-၂၀၀၇ အကျဉ်းကျ ကျောင်းသားတွေ ဖြစ်တဲ့ ကျော်ကိုကို စတဲ့ အကျဉ်းထောင် အသီးသီးက နောက်ဆုံး လွတ်မြောက် လာတဲ့ နိုင်ငံရေး အကျဉ်းသားများရဲ့ ပန်းချီကားတွေကို ရွေးချယ်ပြသ ထားတယ်လို့ ပွဲစီစဉ်သူ တဦးဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ပန်းချီ ထွန်းဝင်းငြိမ်းက ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ကျနော်တို့ ဖြတ်သန်းမှုဘဝကို ကျနော်တို့က ပြည်သူလူထုကို ပိုပြီး သိစေချင်တယ်။ နောက်တချက်က အကျဉ်းထောင်ထဲမှာ ဖြတ်သန်းနေကြတဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေကိုပေါ့။ သူတို့ရဲ့ ဘဝကို စာနာနိုင်အောင် ကျနော်တို့က ဒီလိုအနုပညာနဲ့ တတ်နိုင်သမျှ ပြည်သူလူထုကို တင်ပြချင်တယ်။ အခုလို တစုံတရာ ပွင့်လင်းလာတဲ့ အခြေအနေမှာလည်း ပွင့်လင်းမှုကို ပေါ့။ ကျနော်တို့ရဲ့ ဒီနိုင်ငံရေးဖြတ်သန်းမှု အရ ကျနော်တို့က လူထုနဲ့ ပိုပြီးတော့ နီးကပ်အောင် ဆောင်ရွက်ချင်တယ်လေ။”
နိုင်ငံရေးအကျဉ်းသား ၃၄ ဦးရဲ့ ပန်းချီကား ၁၁၀ ကျော်ကို ခင်းကျင်းပြသ မှာ ဖြစ်ပြီး ထောင်ထဲမှာ ရတဲ့ပစ္စည်းနဲ့ ဖြစ်သလို ရေးဆွဲထားတဲ့ ပန်းချီကားက ၃ ပုံ ၂ ပုံလောက် ပါဝင်တယ်လို့ သိရပါတယ်။
ပြပွဲကို မတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၃ ရက် ကျင်းပမှာ ဖြစ်ပါ တယ်။
