အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့သူများကို ရဲဖမ်းဆီးရာတွင် လူအုပ်စုကြီးက တိုက်ခိုက်
DVB
·
August 5, 2017
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ အောက်နန်းရာကျေးရွာအတွင်း အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့နေသူတွေကို သွားရောက်ဖမ်းဆီးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရွာအတွင်းရှိ လူပေါင်း ၅၀၀ ကျော်လောက်က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့နဲ့ တပ်မတော် ပူးပေါင်းရှင်းလင်းခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ရဲမှူး ဥက္ကာအောင် ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ၂၅ ယောက်တို့ဟာ သြဂုတ် ၄ ရက် မနက် ၇ နာရီက အောက်နန်းရာ ကျေးရွာအတွင်း အကြမ်းဖက်အဖွဲ့တွေအား ငွေကြေးထောက်ပံ့ပေးတဲ့ တရားခံ ၆ ဦးကို ဖမ်းဆီးခဲ့တာပါ။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တရားခံတွေကို ခေါ်ဆောင်ပြီး ပြန်လည်ထွက်ခွာတုန်း ရွာတွင်းမှ လူစုလူဝေးနဲ့ အော်ဟစ်ဆူညံ ဝိုင်းရံလာတာကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်တုန်းမှာ တရားခံ ၆ ယောက်ထဲကနေ ၂ ယောက် ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ စာသင်ကျောင်းမှာ နားနေတုန်း ရွာအတွင်းက လူစူလူဝေးနဲ့ ကိုက် ၅၀ အကွာအထိ ၀င်လာပြီး ထပ်မံတိုက်ခဲ့လို့ သေနတ်နဲ့ ပစ်ခတ်ခြောက်လှန့်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို အဲဒီလူအုပ်စုကြီးက ရွာအနောက်ဘက် စေတီပြင်-အငူမော်သွား ကားလမ်းအထိ လိုက်လံတိုက်ခိုက်ခဲ့ကြပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံ ၂ ယောက် ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေက အောက်နန်းရာ ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေရှင်းလင်းလျက်ရှိပြီး တပ်မတော်စစ်ကြောင်းတွေက ကျေးရွာ အပြင်ဘက်မှ ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။