လွှတ်တော်အမတ် ဒေါ်ထုမေ ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်
နော်နိုရင်း
·
July 25, 2017

ရခိုင်အမျိုးသားပါတီ (အေအန်ပီ)ကနေ နုတ်ထွက်ကြောင်း ရမ်းဗြဲ၊ အမ်းမြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ထုတ်ပြန်လိုက်ပါတယ်။
ဒေါ်ထုမေအနေနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီတို့ ပူးပေါင်းဖွဲ့ စည်းလိုက်တဲ့ ရခိုင်အမျိုးသားပါတီ(ANP) ပါတီ ဖွဲ့စည်းစဉ်က ပါဝင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ တုန်းက ရခိုင်အမျိုးသားပါတီအနေနဲ့ ရမ်းဗြဲ၊ အမ်းမြို့နယ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပါတယ်။
ဒီလိုပါဝင်ဖွဲ့စည်းခဲ့ပေမယ့် ပါတီမူဝါဒတွေပေါ် အမြင်မတူမှုတွေ၊ သဘောထားမတိုက်ဆိုင်တာတွေ ရှိနေတဲ့အတွက် ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး ပါတီဝင်အဖြစ် နုတ်ထွက်ကြောင်း ကြေညာ လိုက်ပါတယ်။
၁၉၉၀ အနိုင်ရရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ) နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (အာအန်ဒီပီ) တို့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ကို စည်းခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်နယ်လွှတ်တော် အမတ်နေရာ ၂၃ နေရာ အနိုင်ရခဲ့ပါတယ်။
ရွေးကောက်ပွဲပြီးတဲ့နောက် အစိုးရသစ်ဖွဲ့စည်းစဉ်ကာလအတွင်း ပူးပေါင်းဖွဲ့စည်းခဲ့တဲ့ ပါတီနှစ်ခု အကြား သဘောထားကွဲလွဲမှုဖြစ်ပွားပြီး ၁၉၉၀ အနိုင်ရ ပါတီဝင်တချို့လည်း အေအန်ပီပါတီက နုတ်ထွက်ခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီကိုပြန်လည်ထူထောင်ခဲ့ပါတယ်။