ကချင် စစ်ပြေးဒုက္ခသည်များအတွက် အကူအညီများ အရေးပေါ် လိုအပ်
အေးနိုင်
·
March 2, 2012

ကချင်ပြည်နယ်ထဲက စစ်ပြေးဒုက္ခသည်တွေဟာ အကူအညီ အများအပြား လိုအပ်နေပြီး ၀ိုင်းဝန်း လှူဒါန်းကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆော်သြလိုက်ပါတယ်။
[caption id="attachment_22008" align="alignleft" width="300" caption="ကချင်စစ်ပြေး ဒုက္ခသည်များ"]
[/caption]
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ပေးချက်အရ ကချင်စစ်ပြေးဒုက္ခသည်တွေကို လူ အရောက် နည်းပါးတဲ့ ဒေသတွေထဲ လူကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့တယ်လို့ မန္တလေးတိုင်းက အဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်ဝင်းဝင်းမြက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ထဲက စစ်ပြေးဒုက္ခသည်တွေကို ကျပ်ငွေသိန်း ၁၀၀ နဲ့ အ၀တ်အထည်တွေ လှူဒါန်းဖို့ မြစ်ကြီးနား ခရီးစဉ်ကို လာရင်း စီစဉ်သွားတာပါ။
ဒေါ်ဝင်းမြမြ ဦးဆောင်တဲ့ ၇ ဦးပါ အဖွဲ့ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ကားနဲ့ မြစ်ကြီးနား ကနေ ၀ိုင်းမော်မြို့ လာနတ်ခအရပ်မှတဆင့် နယ်ခြားစောင့်တပ် (၁၀၀၃) အခြေပြုတဲ့ စင့်ကြိုင် အရပ် မိုင်တိုင် ၄ မှာ ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းကို သွားလှူခဲ့တာပါ။ ၄ နာရီကြာသွားခဲ့ရတဲ့ မိုင်တိုင် ၄ ရှိ ဒုက္ခသည်စခန်း မြင်ကွင်းကို သူမက ခုလိုပြောပါတယ်။
အဲဒီမှာ ခရစ်ယာန်သာသနာအဖွဲ့က တတ်နိုင်သရွေ့ ဆောင်ရွက်ပေးနေပေမယ့် တွေ့ခဲ့ရတာတော့ အိမ်သာ၊ ရေချိုးခန်း မရှိသေးဘူး။ ရွက်ဖျင်တွေက စုတ်ပြတ်နေတယ်။ မြစ်ကြီးနားနဲ့ မြစ်ကြီးနားဝန်းကျင်မှာ ရှိတဲ့ စခန်းတွေလို သပ်ရပ်၊ ခိုင်ခန့် တည်ဆောက် နိုင်တဲ့ အနေအထားမျိုး မရှိပဲနဲ့ ငွေလိုအပ်ချက်ကြောင့်မို့လို့ လုံခြုံမှုလည်း အားနည်းပါတယ်။ ဒီလိုအချိန်မှာသာ မိုးရွာပြီး လေပြင်းတိုက်ရင်တော့ တော်တော်လေး ကစဥ့်ကလျား ဖြစ်သွားမယ့် အနေအထား ရှိပါတယ်။”
ဒီဒုက္ခသည်စခန်းကနေ မိုင်တိုင် ၈ ဒုက္ခသည်စခန်းကို ဆက်သွားဖို့ စီစဉ်ထားပေမယ့် လမ်းမှာ ကေအိုင်အေနဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်နေလို့ ခရီးစဉ်ကို ရပ်ဆိုင်းလိုက်ပြီး ခရစ်ယာန် ဘုန်းတော်ကြီးတွေကနေ တဆင့် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
ရိုမန်ကက်သလစ်အသင်းတော်နဲ့ နှစ်ခြင်းသာသနာပြုအဖွဲ့တို့က ကချင်ပြည်သူ ၄ သိန်းခန့်ကို တာဝန်ခွဲယူပြီး ကူညီဆောင်ရွက်နေတယ်ဆိုတာ သိခဲ့ရတယ်လို့ ဒေါ်ဝင်းမြမြက ပြောပါတယ်။
တရုတ်ပြည်ဘက်က ပတ်ပြီးဝင်ရတဲ့ လူသူအရောက်အပေါက် နည်းတဲ့ ဒုက္ခသည် စခန်းတွေဖြစ်တဲ့ မိုင်တိုင် ၆၊ ၁၀၊ ၁၃ နဲ့ ၁၄ တွေကို သွားချင်ပေမယ့် တရုတ်အစိုးရက နိုင်ငံရေး သမားတွေကို ခွင့်မပြုတာကြောင့် မသွားနိုင်ဘဲ ခရစ်ယာန် ဘုန်းတော်ကြီးတွေကနေ တဆင့် ငွေအကုန်လုံးကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
အကူအညီပေးရေးအဖွဲ့တွေ နိုင်ငံတကာ အန်ဂျီအိုတွေကို တရုတ်အစိုးရက ခွင့်မပေးပေမယ့် ဒုက္ခသည် စခန်းဘက်မှာတော့ တရုတ်ဈေးသည်တွေ ဈေးသွားရောင်းတာကို ခွင့်ပြု တယ်လို့ သူက ဆက်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ်မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညစာ စားပွဲမှာ ခရစ်ယာန်အသင်းတော်က ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံရာမှာ အလှူရှင်တွေ အရောက်အပေါက်နည်းတဲ့ ဒေသတွေက ဒုက္ခသည်တွေထံကို ငွေလှူဒါန်းခဲ့ပါတယ်။
