Y-8 လေယာဉ်ရှာဖွေစဉ် သေဆုံးသွားသည့်ရေငုပ်သမား ဦးစောနောင်အတွက် သိန်း ၃၀ လှူဒါန်း
DVB
·
June 24, 2017

ပင်လယ်ထဲ ပျက်ကျသွားခဲ့တဲ့ Y-8 စစ်လေယာဉ် ဆယ်ယူစဉ် ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ အဏ္ဏ၀ါမင်း ရေငုပ်အဖွဲ့မှ ရေငုပ်သမား ဦးစောနောင်အတွက် တပ်မတော်မိသားစုတွေက ကျပ် သိန်း ၃၀ လှူဒါန်းလိုက်ပါတယ်။
ကွယ်လွန်သူ ဦးစောနောင်ရဲ့ ကျန်ရစ်သူမိသားစုတွေအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေက ငွေကျပ် ၁၀ သိန်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေက ငွေကျပ် ၁၀ သိန်း၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေက ငွေကျပ် ၁၀ သိန်း စုစုပေါင်း ငွေကျပ် သိန်း ၃၀ ပေးအပ်လှူဒါန်းခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပါတယ်။
Y-8 လေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို ဆယ်ယူတဲ့လုပ်ငန်းတွေ ဆောင်ရွက်စဉ် အဏ္ဏ၀ါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမားဦးစောနောင်နဲ့ ဦးသန့်ဇင်ဦးတို့ ဒဏ်ရာရပြီး မင်္ဂလာဒုံ စစ်ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေစဉ် ဇွန် ၂၂ ရက်ညက ဦးစောနောင် ကွယ်လွန်သွားခဲ့တာပါ။
အသက် ၄၅ နှစ်အရွယ် ဦးစောနောင်ဟာ ပင်လယ်ရေအောက် ၁၂၀ ပေလောက်မှာရှိတဲ့ Y-8 လေယာဉ်အမြီးပိုင်းမှာ ငြိနေတဲ့ ငါးဖမ်းပိုက်တွေကို ဖြတ်တောက်ရာမှာ ကူညီဆောင်ရွက်ပေးခဲ့ရတာဖြစ်ပြီး ရေငုပ်ခြင်းကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်အတွင်း ရုတ်တရက် ဖိအားလျော့ပြီး သွေးကြောတွေ ပိတ်ဆို့တာကြောင့် သေဆုံးခဲ့တာလို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရေငုပ်သမား ဦးသန့်ဇင်ဦးကတော့ ဆေးရုံမှာ ဆက်လက် တက်ရောက် ဆေးကုသမှုခံယူ နေရဆဲဖြစ်ပါတယ်။
ဓာတ်ပုံ- ကာကွယ်ရေးဦးစီးချုပ်ရုံး