အဲကမ္ဘောဇလေယာဉ် ရှေ့ဘီးချွတ်ယွင်း၊ ၀မ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရ
DVB
·
February 17, 2012

ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးကနေ ရခိုင်ပြည်နယ် သံတွဲကို ထွက်ခွာလာတဲ့ အဲကမ္ဘောဇ လေယာဉ်ဟာ ဒီနေ့ နံနက်ပိုင်းက သံတွဲမြို့က လေယာဉ်ကွင်းမှာ ရှေ့ဘီးကျိုးသွားခဲ့ပြီးတော့ ၀မ်းဗိုက်နဲ့ ဆင်းသက်ခဲ့ရပါတယ်။
စီးနင်းသူ ၅၇ ဦး လိုက်ပါလာတဲ့ အဲကမ္ဘောဇ ဟာ ဒီနေ့ မနက် ၁၀ နာရီခွဲ ကျော်လောက်မှာ ဘီးချွတ်ယွင်းသွားပြီးတော့ လေယာဉ်ပြေးလမ်းကြောင်းပေါ်ကနေချော်ထွက်ကာ ကိုက် ၁၀၀ အကွာမှာ ၀မ်းဗိုက်နဲ့ ဆင်းသက်ခဲ့ရတယ်လို့ သံတွဲမြို့နယ် မီးသတ်ဌာနက အရာရှိတဦးက ပြောပါတယ်။
“သံတွဲလေဆိပ်အဆင်းမှာ ရှေ့ဘီး ဒေါက်ကျိုးပြီးတော့ ပြေးလမ်းနဲ့ထိပြီး ကိုက် ၃၀မြောက်တတ်ပြီး ပြေးလမ်းဘေး ကိုက် ၁၀၀ လောက်ကို ၀မ်းဗိုက်နဲ့ ထိုးပြီး ဆင်းသွားတာပါ။ မီးတောက်တော့ မထွက်ခဲ့ဘူး။ မီးပွားပဲ အစလေး နည်းနည်း ရိုတ်ခတ်တာပါ။”
အေအိုင်တီ- ၇၂၅၀၀ အမျိုးအစား လေယာဉ်ပေါ်မှာ လေယာဉ်မှူးနဲ့ လေယာဉ်ဝန်ထမ်း ၅ ဦး၊ နိုင်ငံခြားခရီးသွား ၄၀ ဦး၊ မြန်မာ ခရီးသည် ၁၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အဲကမ္ဘောဇကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူတဦးက လေယာဉ်ရှေ့ဘီး ကျိုးသွားတဲ့ ကိစ္စကို အတည်ပြု ပြောဆိုခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ တဦးတယောက်မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“အခု ကျနော်တို့ဆီကနေ သံတွဲကို လေယာဉ်ပျံ တစင်းနဲ့ လိုက်ကြိုနေပါတယ်။ အခု လေယာဉ်ပျံကွင်းကို သွားမယ်ဆိုရင်လည်း လေယာဉ်ပျံကွင်းက ခွင့်ပြုမှ သွားလို့ရတာ။ အခုတော့ ခွင့်ပြုလို့ ကျနော်တို့ လေယာဉ်ပျံတတ်သွားပြီ။ ကျနော်တို့ ခရီးသည် ပြန်ခေါ်မယ်။ ပြန်ပါလာမယ့် ခရီးသည် စုစုပေါင်းကတော့ ဟဲဟိုးကနေပြီးတော့ ပြန်လာတဲ့ ခရီးသည်ပါမယ်။ သံတွဲကနေ ဒီကို ပြန်လိုက်လာတဲ့ ခရီးသည်ပါမယ်။ အားလုံး ၅၇ ယောက်ပါ။”
