ဥရောပ ကော်မရှင်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ
DVB
·
February 14, 2012
မြန်မာနိုင်ငံမှာ ၃ ရက်ကြာ ခရီးရောက်ရှိနေတဲ့ ဥရောပ ဖွံ့ဖြိုးရေးကော်မရှင်မင်းကြီး အန်ဒရစ် ပိုင်းဘောက်စ့် (Andris Piebalg) ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူမှုရေးအဖွဲ့အစည်းတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
[caption id="attachment_21228" align="alignleft" width="300" caption="အန်ဒရစ် ပိုင်းဘောက်စ့် နှင့် ဒေါ်အောင်ဆန်းစုကြည်"]
[/caption]
ကော်မရှင်မင်းကြီး အန်ဒရစ် ပိုင်းဘောက်စ့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့မနက် ၁၀ နာရီက ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ သီးသန့်တွေ့ဆုံခဲ့ပေမယ့် အသေးစိတ်ကိုတော့ သိရှိခြင်း မရှိဘူးလို့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ အန်ဒရစ် ပိုင်းဘောက်စ့်ရဲ့ ပြောခွင့်ရ ကတ်သရင်း ရေးလ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ လူမှုရေးအဖွဲ့အစည်းတွေရဲ့ အမြင်က မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပိုမိုနားလည် သဘောပေါက်စေမှာ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ (အန်ဒရစ် ပိုင်းဘောက်စ့်)က ယမန်နေ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ဒလမြို့နယ်မှာ အီးယူက ငွေကြေးထောက်ပံ့ထားတဲ့ စီမံကိန်းတွေကို သွားကြည်ရှုခဲ့ပြီး လူမှုရေး အဖွဲ့တွေနဲ့လည်း ဒီနေ့မနက်မှာ တွေ့ဆုံခဲ့တယ်လို့ ကတ်သရင်းရေးလ်က ဆိုပါတယ်။
အန်ဒရစ်ပိုင်းဘောက်စ့်နဲ့ အဖွဲ့ဟာ မနေ့ကလည်း သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ လွှတ်တော်အကြီးအကဲတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံမှုတွေမှာ လူ့အခွင့်အရေး၊ နိုင်ငံရေး၊ အကျဉ်းသားအရေးနဲ့ လွတ်လပ်မျှတတဲ့ ကြားဖြတ် ရွေးကောက်ပွဲဖြစ်ရေး ဆွေးနွေးခဲ့တယ်လို့ အန်ဒရစ် ပိုင်းဘောက်စ့်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ဥရောပ ကော်မရှင်က စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်အတွက် မြန်မာနိုင်ငံကို ယူရိုငွေ သန်း ၁၅၀ ကူညီပေးမယ့် အကြောင်းလည်း ဒီခရီးစဉ်မှာ ကြေညာခဲ့ပါတယ်။ မကြာသေးခင်က ဥရောပသမဂ္ဂဟာ မြန်မာအစိုးရ ခေါင်းဆောင်တွေကို ခရီးသွားလာခွင့် တားမြစ်ချက်ကို ဖျက်သိမ်းပေးခဲ့ပါတယ်။
အန်ဒရစ် ပိုင်းဘောက်စ့် ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး မြန်မာနိုင်ငံက ဒီကနေ့ညနေ ပြန်လည်ထွက်ခွာမှာပါ။
