စစ်တပ်ကို ပြောင်းစေချင်ရင် ပဋိပက္ခတွေ ငြိမ်းချမ်းဖို့လိုတယ်
DVB
·
February 10, 2012

ထိုင်းနိုင်ငံ အခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့က ခေါင်းဆောင်တွေဟာ ဒီကနေ့ မနက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒီအဖွဲ့ထဲမှာ ဒေါက်တာဇော်ဦး၊ ဒေါက်တာ တင်မောင်သန်း (သင့်ဘဝ)၊ ဦးအောင်နိုင်ဦးနဲ့ ဦးအောင်သူငြိမ်းတို့ လိုက်ပါသွားပါတယ်။
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလမှာ ဖွံ့ဖြိုးရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ အရှိန်မြှင့်လုပ်သွားဖို့ကူညီသွားမယ်လို့ ဗဟုဖွံ့ဖြိုးရေးအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
ဗဟုဖွံ့ဖြိုးရေးအဖွဲ့က ဒုတိယ ညွန်ကြားရေးမှူး- ဦးအောင်နိုင်ဦး မြန်မာနိုင်ငံ မပြန်ခင် ဒီမိုကရက်တစ်မြန်မာ့အသံ အယ်ဒီတာ ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးအောင်နိုင်ဦးအနေနဲ့ ကျနော်တို့ အခုသွားတဲ့ - ဗဟုဖွံ့ဖြိုးရေးအစီအစဉ်မှာ အဓိကအားဖြင့် ဘာတွေကို လုပ်ဆောင်မယ်လို့ ရည်ရွယ်ထားပါသလဲ။
[caption id="attachment_21082" align="alignright" width="300" caption="ဦးအောင်နိုင်ဦး"]
[/caption]
“ကျနော်တို့ အဖွဲ့အနေနဲ့ အလုပ် လုပ်တဲ့အခါမှာ သုံးမျိုးလုပ်ပါတယ်။ ပထမ တမျိုးက သုတေသနပေါ့နော်။ မူဝါဒနဲ့ဆိုင်တဲ့ သုတေသန လုပ်ပါတယ်။ နောက်တခါ Training (သို့) Capacity Building လို့ခေါ်တဲ့ သင်တန်းတွေ ကျနော်တို့ ပို့ချပါတယ်။ စီးပွားရေးနဲ့ ပတ်သက်တာ ခုနက ချင်းမိုင်တက္ကသိုလ်မှာ ကျနော်တို့ အခုလုပ်တဲ့ CDCE ခေါ်တဲ့ Community Developments ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ဟာ၊ နောက်တခါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စမျိုး၊ နောက်တခါ အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ကိစ္စမျိုး ဒါမျိုးတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ သင်တန်းတွေ ပေးပါတယ်။ နောက်ဆုံး တခုကတော့ ကျနော်တို့ advocacy လို့ ခေါ်ပါတယ်။ အဲဒါကတော့ ကျနော်တို့က တိုင်းပြည်မှာ၊ မြန်မာပြည်ထဲမှာ ဖြစ်စေချင်တဲ့ မူဝါဒတွေ ဖြစ်အောင်လို့ ကျနော်တို့ ရေဒီယိုတွေမှာ ပြောမယ်။ ရုပ်မြင်သံကြားတွေမှာ ပြောမယ်၊ ဒါမှမဟုတ် သတင်းစာတွေမှာ ကျနော်တို့ ကိုယ်တိုင် စာရေးမယ်ပေါ့နော်၊ ဒါမျိုးတွေ ကျနော်တို့ လုပ်ပါတယ်။ ဒီ သုံးမျိုးဟာ ကျနော်တို့ အဓိက လုပ်တဲ့ အချက် သုံးချက်ပါပဲ။”
မြန်မာနိုင်ငံမှာ အခုဆိုရင် ပြောင်းလဲမှုတွေ စတင်နေပြီလို့ ပြောတဲ့လူကလည်း ပြောတယ်။ တချို့ကတော့ ပြောင်းလဲမှု မစတင်ဘူးလို့ ဆိုရင်တောင်မှ ပြောင်းလဲမှုကို စတင်ဖို့အတွက် အခြေအနေတွေတော့ ရှိနေပြီလို့ သုံးသပ်တာတွေလည်းရှိတော့ ဦးအောင်နိုင်ဦးတို့ရဲ့ ဗဟုဖွံ့ဖြိုးရေးအဖွဲ့က အဲဒီပြောင်းလဲမှု အနေအထားမှာ ဘာတွေများ လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။
“ပြောင်းနေပြီဗျာ၊ ပြောင်းနေတာကတော့ ရှင်းတယ်။ အဲဒီတော့ ကျနော်တို့ အပြောင်းအလဲတွေရဲ့ သဘာဝမှာ တည့်တည့်မသွားဘူး၊ ချော်တော့ငေါ့သွားတာတွေ ရှိမယ်။ နောက်တခါ ဘယ်သောအခါမှ ချောချောမွေ့မွေ့နဲ့ သွားတဲ့ဟာမျိုးတွေက မရှိဘူး။ အဲဒီတော့ ကျနော်တို့ နိုင်ငံရဲ့အပြောင်းအလဲကို ကြည့်မယ်ဆိုရင်လည်း အဲဒီလို ချောချောမွေ့မွေ့ ဖြစ်အောင်လို့ ကြိုးစားနေတာတွေ တွေ့ရတယ်။ အပြောင်းအလဲတွေ ဖြစ်နေတာတွေ ကျနော်တို့တွေ့ရတယ်။ ဆိုတော့ ဒါဟာ ကောင်းတဲ့ လက္ခဏာပေါ့နော်။ ဒါကြောင့်မို့လည်း ကျနော်တို့ အနေနဲ့ အပြောင်းအလဲတွေမှာ ကျနော်တို့ ဘယ်လို ထပ်ပြီးတော့ ပိုပြီးတော့ ခိုင်မာသွားအောင် အကူအညီ ပေးနိုင်မလဲပေါ့၊ ဒါမျိုးတွေလည်း ကျနော်တို့ စဉ်းစားပါတယ်။ အဲဒီတော့ ကျနော်တို့ အခု မြန်မာပြည် သွားတဲ့အခါမှာ မရောက်တာလည်း ၂၄ နှစ် ရှိပါပြီ။ ကျနော်တို့ မျက်စိဖွင့် နားဖွင့်နဲ့ သွားမယ်။ ကျနော်တို့ NGOs တွေ၊ ခုနကပြောတဲ့ Civil Society ခေါ်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ နောက် ဖြစ်နိုင်လို့ရှိရင်လည်း အစိုးရပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ ဝန်ကြီးတွေ၊ စီးပွားရေး သမားတွေ အကုန်လုံး ကျနော်တို့ တွေ့ပါမယ်။ ပညာရှင်တွေကိုရော တွေ့နိုင်သလောက် တွေ့ပြီးတော့မှ ကျနော်တို့ သူတို့နဲ့ အမြင်တွေ ဖလှယ်တာမျိုး လုပ်ပါ့မယ်၊ ဆွေးနွေးပါ့မယ်။ ပြီးတော့မှ ကျနော်တို့အနေနဲ့ ဘယ်လိုကဏ္ဍမျိုးက ဝိုင်းဝန်းကူညီနိုင်မလဲ ဆိုတာမျိုးလည်း ကျနော်တို့ မေးမြန်းစုံစမ်းမယ့် အနေအထားဖြစ်ပါတယ်။”
တကယ်ပြောင်းလဲဖို့ ခက်မှာကတော့ အရပ်ဘက် မဟုတ်ဘဲနဲ့ စစ်တပ်ဘက်က ဖြစ်တယ်လို့ တချို့က သုံးသပ်နေတာရှိတော့ လက်ရှိ တပ်မတော်နဲ့ ပတ်သက်လို့ ပြောင်းလဲဖို့အတွက်ရော ဦးအောင်နိုင်ဦးရဲ့ ဗဟုမှာ ဘယ်လို အစီအစဉ်မျိုးတွေ ရှိလဲ။
“လောလောဆယ် စစ်တပ်ကို ပြောင်းစေချင်ရင်တော့ ပထမဦးဆုံး ကျနော်တို့ နိုင်ငံမှာ ပဋိပက္ခတွေ ငြိမ်းချမ်းဖို့လိုတယ်။ ပဋိပက္ခတွေ ပြေပျောက်သွားဖို့ လိုတယ်။ အထူးသဖြင့်တော့ လက်နက်ကိုင် ပဋိပက္ခတွေ ပြေပျောက်သွားဖို့ လိုတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ပြေပျောက်တယ် ဆိုလို့ရှိရင် စစ်တပ်ကလည်း ငြိမ်းချမ်းရေးဘက်မှာ လုပ်ရတဲ့ ဖွံ့ဖြိုးရေးတွေ လုပ်ရတဲ့ စစ်တပ်မျိုးတွေ မဖြစ်သွားဘူးလို့ ကျနော်တို့ မပြောနိုင်ဘူး။ အဲဒီတော့ အခု လောလောဆယ်တော့ ကျနော်တို့ဟာ ဒီငြိမ်းချမ်းရေး ကိစ္စတွေမှာ စနစ်တကျ ဖြစ်သွားအောင်လို့ ဝိုင်းဝန်းကူညီမယ့် အနေအထားမျိုး တွေ့ရင်လည်း ကျနော်တို့ ကူညီဖို့ ကျနော်တို့ စဉ်းစားထားပါတယ်။ ဥပမာ - ကျနော် ကိုယ်တိုင်ဆိုလို့ရှိရင် ဒါ DTR လို့ခေါ်တဲ့ လက်နက်တွေ ဖျက်သိမ်းတာတို့၊ တပ်ဖွဲ့တွေ ဖျက်သိမ်းတာတို့၊ နောက်တခါ ဒီတပ်ဖွဲ့တွေက ထွက်သွားတဲ့ စစ်သားတွေကို စစ်တပ်ထဲကို စစ်တပ်ရဲ့ ဖွဲ့စည်းပုံထဲကို မရောက်သွားဘဲနဲ့ သေသေချာချာ စနစ်တကျ ပြည်တွင်းစစ်တွေ ငြိမ်းသွားအောင် လုပ်တဲ့ ခုနကပြောတဲ့ DTR ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ကျနော်တို့ ကိုယ်တိုင်လည်း လေ့လာထားတယ်။ စာတွေလည်း သင်ပေးနေပါတယ်။ ဆိုတော့ အဲဒါမျိုးတွေ သင်ကြားပို့ချခွင့်ရမယ် ဆိုရင်လည်း ဒါ အင်မတန်ကောင်းပါတယ်။ ဒီဟာတွေ အခွင့်အရေးတွေ အားလုံးကို ကျနော်တို့ လိုက် ဆွေးနွေးကြည့်မယ့် သဘောပါ။”
လက်ရှိ ဒီရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာ Key player လို့ခေါ်တဲ့ အုပ်စုတွေကို ပြန်ကြည့်မယ်ဆိုရင် တပ်မတော်ရှိမယ်၊ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရှိမယ်။ နောက် ကျန်တဲ့ ပါတီတွေနဲ့ အရပ်ဘက် အုပ်စုတွေ ရှိမယ်ဆိုတော့ အရပ်ဘက်ကတော့ ပြုပြင် ပြောင်းလဲရေးကို သိပ် လုပ်ချင်တာပေါ့နော်၊ နှစ်ပေါင်းများစွာ ကြာအောင်လုပ်ခဲ့ပြီ။ နောက်တခါ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ ပတ်သက်ရင်လည်း ဝေဖန်တာတွေ တွေ့ရတယ်။ ဒီနေ့တောင်မှ LARRY JAGAN တို့ ဘာတို့ ရေးတဲ့ဆောင်းပါးတွေမှာဆိုရင် အဲဒီလိုမျိုးတွေ တွေ့ရတယ်။ တချို့ကတော့ မပြောင်းလဲချင်သေးဘူး၊ တချို့ကတော့ ပြောင်းလဲချင်တယ်။ ကြားထဲမှာ ထိုင်နေတဲ့ သူတွေလည်း ရှိတယ်ဆိုတော့ ဗဟုကလည်း ဘယ်လို မြင်ထားပါသလဲ။
“ကျနော်တို့ ဒီအပြောင်းအလဲတိုင်းမှာပဲ ခုနက အပြောင်းအလဲကို အရမ်းဖြစ်စေချင်တဲ့ လူတွေလည်း ရှိတယ်။ ဒါ ဘယ်နိုင်ငံမှာမဆို။ အဲဒီတော့ အပြောင်းအလဲကို မလိုက်ဘဲနဲ့ ကိုယ်ကျိုးစီးပွား အကြောင်းမျိုးစုံပေါ့နော်။ အကျိုးစီးပွားဆိုတော့ အကျိုးစီးပွားမျိုးစုံ ရှိတယ်။ ဒါကြောင့်မို့လို့ အပြောင်းအလဲကို ဆန့်ကျင်နေတဲ့ လူတွေလည်း ကျနော်တို့ အများကြီး ရှိတယ်။ တကယ်တမ်းကျလို့ ရှိရင် ဟိုဘက်လည်း မလိုက် ဒီဘက်လည်း မလိုက်ဘဲနဲ့ အခြေအနေ စောင့်ကြည့်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ အဲဒီတော့ ဒါဟာ ကျနော်တို့ နိုင်ငံတင် ဖြစ်တဲ့ အနေအထားမျိုး မဟုတ်ဘူး။ တခြား ကျနော်တို့ နိုင်ငံလို အပြောင်းအလဲ ဖြစ်သွားတဲ့ နိုင်ငံတွေမှာ ကြည့်မယ်။ ဥပမာ- ကွန်မြူနစ် နိုင်ငံတွေမှာ ကြည့်မယ် ဆိုလို့ရှိရင်လည်း ကွန်မြူနစ်စနစ်မှာ အဆင်ပြေနေတဲ့လူတွေဟာ အပြောင်းအလဲ ဖြစ်လို့ရှိရင် ဆုံးရှုံးမှုတွေ ကြုံတွေ့နိုင်တာကြောင့်မို့လို့ ဒီ အပြောင်းအလဲကို ဆန့်ကျင်ကြတာတွေ အများကြီး ကျနော်တို့ တွေ့ရပါတယ်။ အဲဒီတော့ အခု ငြိမ်းချမ်းရေးလုပ်ငန်း လုပ်မယ် ဆိုရင်လည်း ဖျက်လိုဖျက်ဆီး လုပ်တဲ့လူတွေ ငြိမ်းချမ်းရေး ရခါနီးကျမှ ပေါ်လာတတ်တယ်။ ငြိမ်းချမ်းရေးရရင် သူ့ရဲ့ ခုနက ရနေတဲ့ အကျိုးစီးပွားတွေ၊ အာဏာတွေ လျော့သွားမယ်။ ကျနော်တို့ ကမ္ဘာပေါ်မှာ Sierra Leone တို့၊ Burundi တို့လို နိုင်ငံမျိုးတွေမှာ ငြိမ်းချမ်းရေးကို ဖျက်ဆီးတတ်တဲ့လူတွေ အများကြီး ပေါ်လာတာတွေ ကြုံခဲ့ရပါတယ်။ ဒီသဘောပါပဲ ကျနော်တို့ နိုင်ငံမှာ။ ဒါဟာ ကျနော်တို့က ထူးခြားပြီးတော့မှ အခြားနိုင်ငံတွေလို ဒါထက် ပိုပြီးတော့ ဖြစ်နေတာမျိုး မဟုတ်ဘူး။ ဒီဟာကလည်း အခုဟာက အပြောင်းအလဲတွေ ဖြစ်လာပြီဆိုတဲ့ အခု အစိုးရ ခေါင်းမာတယ်လို့ ပြောတဲ့လူ၊ ရှေးရိုးအစဉ်အလာ ဆန်တယ်ဆိုတဲ့ အယူအဆ ရှိတဲ့ လူတွေ ကိုယ်တိုင်လည်း ပြောင်းလာရတာ ကျနော်တို့ တွေ့နေရပါတယ်။ နည်းနည်းနဲ့ ပြောင်းတယ်၊ များများနဲ့ ပြောင်းတယ်ဆိုတာတော့ ရှိမှာပဲ။ အဲဒီတော့ ကျနော်တို့ နိုင်ငံမှာ ထူးခြားပြီး တခြားနိုင်ငံတွေမှာ ဖြစ်တတ်တဲ့ အပြောင်းအလဲ ကာလတွေမှာ ဖြစ်တာမျိုး မဟုတ်ဘဲနဲ့ အကုန်လုံး ဖြစ်နေတာပဲ။ အဲဒီတော့ ကျနော်တို့ နိုင်ငံအပြောင်းအလဲမှာ ဆိုလို့ရှိရင် အခု ၁ နှစ်လောက်ပဲ ရှိသေးတယ်။ ကောင်းတာတွေချည်းပဲ တွေ့နေရတယ် အများစုက။ အဲဒီတော့ ၂ နှစ်လောက် ရောက်သွားလို့ရှိရင် ဒီအပြောင်းအလဲတွေက နှေးသွားနိုင်တယ်။ ကျောက်တုံးကြီးတွေ ခံနေမယ်၊ တောင်ကြီးတွေ ကျော်ရမယ် ဒါမျိုးတွေ ကျနော်တို့ ဖြစ်တတ်တယ်။ ဘယ်နိုင်ငံမှာမဆို ဖြစ်တတ်တယ်။ အဲဒီတော့ ကျနော်တို့ ရှေ့ ၁ နှစ်၊ ၂ နှစ်လောက်ကို စောင့်ကြည့်ဖို့လိုတယ်။ ဘာပဲပြောပြောဗျာ ကျနော်တို့နိုင်ငံမှာ ခေါင်းမာတဲ့လူနဲ့ပဲ ဖြစ်ဖြစ်၊ အတိုက်အခံနဲ့ပဲဖြစ်ဖြစ်၊ အစိုးရနဲ့ပဲဖြစ်ဖြစ်၊ တိုင်းရင်းသား တွေနဲ့ပဲဖြစ်ဖြစ် ပြဿနာတွေက ရှိနေဦးမှာဗျ။ ပြဿနာဆိုတာ မရှိဘဲနဲ့ မဖြစ်ဘူး။ ပြဿနာတွေတော့ ရှိနေမယ်။ ဘာပဲပြောပြော ကျနော်တို့ဟာ ဒီမိုကရေစီဆိုတဲ့ စနစ်ကို ခိုင်ခိုင်မာမာ ဖြစ်သွားအောင် ဆက်ပြီး လုပ်ထားနိုင်မယ် ဆိုရင်တော့ ဘယ်လို ပြဿနာပဲဖြစ်ဖြစ် ကျနော်တို့က တိုးတက်မှု နှေးရင်နှေးသွားမယ် ဒါပေမယ့် ရှေ့တော့ တက်နေမယ့် သဘောတော့ ရှိပါတယ်။”
ပြောင်းလဲမှုကို စဉ်းစားကြည့်လိုက်တဲ့အခါ ပြောင်းလဲချင်တဲ့သူ ရှိတယ်၊ မပြောင်းလဲချင်တဲ့သူ ရှိတယ်။ အဲဒီလူတွေရဲ့ ပြောင်းလဲမှုနဲ့ သူတို့ရဲ့ စိတ်ဓာတ်က ဒါကတော့ သေချာတယ်။ ပြောင်းလဲချင်ကြတာ။ အဲဒီနောက်ကွယ်မှာပဲ သူတို့နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေကို ကြည့်လိုက်တဲ့အခါ ဒီနိုင်ငံတွေကကော ပြောင်းလဲမှုပေါ်မှာ လာပြီး အားပြိုင်နေကြတာမျိုး မရှိဘူးလားဆိုတဲ့ အတွေးအခေါ်မျိုးတွေ ဝင်လာတာပေါ့။ ဥပမာ- တရုတ်နိုင်ငံကတော့ အပြောင်းအလဲကို သိပ်ကြိုက်မှာ မဟုတ်ဘူး။ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကတော့ အပြောင်းအလဲကို သိပ်ကြိုက်မှာပဲ၊ မြန်မာနိုင်ငံဟာ အဲဒီနိုင်ငံကြီးတွေရဲ့ အားပြိုင်မှု ဖြစ်လာမယ်ဆိုတဲ့ စိုးရိမ်ချက်တွေရှိတယ်။ အဲဒီအပေါ်မှာကော ဘယ်လိုမြင်လဲ။
“ကျနော်လည်း စိုးတော့ စိုးရိမ်တယ်။ ဒါပေမယ့် စောင့်ကြည့်ဖို့တော့ လိုတယ်။ အခု ဖြစ်နေတဲ့ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် တော်တော် စိတ်ဝင်စားစရာလေးတွေ တွေ့ရတယ်။ တရုတ်ဘက်က ပြောနေ ဆိုနေတာတွေလည်း ကျနော်တို့ စိတ်ဝင်စားစရာလေးတွေ တွေ့ရတယ်။ ဥပမာဆိုရင် တရုတ်ဘက်က ပညာရှင်တချို့က ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင် အနောက်နိုင်ငံတွေရဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ် ဆိုပြီးတော့ ပြောနေတာမျိုး ရှိတယ်။ အဲ့လို ပြောခြင်းအားဖြင့် ဘာကို ဆိုလိုလဲဆိုတာ နောက်ကွယ်မှာ စဉ်းစားချက်တွေ အများကြီးရှိနေပါတယ်။ တရုတ်ကပဲဝင်ဝင်၊ အမေရိကန်ကပဲဝင်ဝင် ကျနော်တို့ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒရှိပါတယ်။ တနည်းအားဖြင့် ဘက်မလိုက်တဲ့ မူဝါဒပေါ့။ အဲဒီမူဝါဒကို သေသေချာချာ သုံးနိုင်မယ်ဆိုရင် အမေရိကန်ဆီကလည်း အကျိုးအမြတ်ရနိုင်တယ်။ တရုတ်နှင့် အိန္ဒိယ တို့ဆီကလည်း အကျိုးအမြတ် ရနိုင်တယ်။ အာဆီယံကလည်း အကျိုးအမြတ် ရနိုင်တယ်။ အဲတော့ ကိုယ့်တိုင်းပြည်အတွက် ဘယ်လိုလုပ်ပြီးတော့ ကြိုးစားမှာလဲ ဆိုတာမျိုး ကျနော်တို့ နည်းနည်း ထည့်စဉ်းစားမယ်ဆိုရင် ပိုကောင်းမှာပေါ့။ ဒါပေမယ့် နိုင်ငံကြီးတွေက တခြားနိုင်ငံမှာ ဝင်ရှုပ်တယ် ဆိုတာတော့ ဗြောင်လည်း ရှုပ်ချင်ရှုပ်မယ်။ တိုးတိုး တိတ်တိတ်လည်း ရှုပ်ချင် ရှုပ်မယ်၊ အထူးသဖြင့် တရုတ်လို နိုင်ငံမျိုးကလည်း ဝင်မရှုပ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ အမေရိကန်လည်း ဘာပဲပြောပြော ဝင်နေတာပဲ။ ခဏခဏ သွားနေတာပဲ။ အမတ်တွေလည်း လာနေတယ်၊ အကုန်သွားနေတာပဲ။ ဒါတွေကို ရှုပ်တယ်လို့ ပြောမယ်ဆိုရင်တော့ အခုတိုင်းတော့ ပြောလို့ မရဘူးပေါ့။ နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲလို့ ကျနော်တို့ မသိဘူး။ သို့သော် ကိုယ့်ရဲ့လုပ်စရာရှိတာကို ကိုယ့်တိုင်းပြည်အတွက် သေချာလုပ်နိုင်မယ်ဆိုရင် ဘာမှ ပြဿနာမရှိဘူးလို့ ထင်ပါတယ်။”
ဦးအောင်နိုင်ဦး စာအုပ်တွေရေးခဲ့တာကို ကျနော် ပြန်သတိရမိတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင် မြန်မာနိုင်ငံမှာ တကယ့် Key Player အနေနဲ့ တကယ့် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ တပ်မတော်ရဲ့ စစ်ဗိုလ်ချုပ်တွေပေါ့။ ဒီ စစ်ဗိုလ်ချုပ်တွေနဲ့ အပေးအယူ လုပ်ရမယ် ဆိုတဲ့ဟာမျိုး ဦးအောင်နိုင်ဦး ရေးခဲ့တယ်လို့ ကျနော် မှတ်မိထားတယ်။ အခု အနေအထားမှာ ဒေါ်အောင်ဆန်းစုကြည်တို့ အန်အယ်လ်ဒီလို ပါတီကနေ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ပြောတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်အောင် ကြိုးစားမယ်လို့ ပြောတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ဆိုတာလည်း အဲဒီတပ်မတော်ရဲ့ အခန်းကဏ္ဍက လုံးဝဆုံးဖြတ်တဲ့ အနေအထားမှာ ရှိတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ၇၅ ရာခိုင်နှုန်း ကျော်ရမယ်ဆိုရင် ဒီစစ်ဗိုလ်ချုပ်တွေကနေ ကိုယ်စားလှယ်တွေက သူတို့ ဆုံးဖြတ်ရမယ်။ အခုလက်ရှိ အနေအထားအရကော စစ်ဗိုလ်ချုပ်တွေနဲ့ အပေးအယူ လုပ်လို့ရတဲ့ အနေအထားကိုကော မြင်ပြီလား။
“အခုဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံရေးထဲကို ဝင်လာတဲ့အပိုင်းကို ကြည့်မယ်ဆိုရင်။ ကျနော်တို့တွေ နိုင်ငံရေးပိုင်း တဆင့် မြင့်သွားတာပေါ့။ ဧပြီလဆို နောက်တဆင့် မြင့်သွားမယ်။ အဲဒါကလည်း တစုံတရာ အပေးအယူ လုပ်တဲ့သဘောပါပဲ။ အစိုးရဘက်ကလည်း အလျှော့ပေးလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲ ဝင်နိုင်အောင်လို့ လမ်းတွေ ဖွင့်ပေးလိုက်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ရွေးကောက်ပွဲကို ဝင်တော့မယ်။ ဒါက တဘက်နဲ့တဘက် အလျှော့ပေးလိုက်တဲ့ သဘောပဲလို့ ကျနော်မြင်တယ်။ အဲတော့ ခုနလို ဖွဲ့စည်းပုံပြောင်းလဲတဲ့ ကိစ္စကတော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ၁၉၈၈ ခုနှစ်က ပြောခဲ့တဲ့ နိုင်ငံရေးမှာ ဝင်မရှုပ်ရေးဆိုတဲ့ စစ်တပ်မျိုး ဖြစ်ဖို့ဆိုတာတော့ တော်တော် မလွယ်သေးဘူး။ အဲဒီတော့ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီလည်း အများကြီး တိုးတက်လာဖို့ လိုသေးတယ်။ အဲဒီ့ ဒီမိုကရေစီ တိုးတက်မှုကို ထောက်ခံပေးမယ့် စီးပွားရေး တိုးတက်မှုလည်း လိုအပ်လာတယ်။ ခုနတုန်းက တိုင်းရင်းသားတွေနဲ့လည်း လုံးဝ ငြိမ်းချမ်းရေးရဖို့လည်း လိုအပ်တယ်။ အဲဒီလိုတွေ ဖြစ်လာတဲ့အခါမှာ စစ်တပ်ကလည်း သူ့အတွက် လုံခြုံရေးဆိုတဲ့ ကိစ္စကို အရမ်း စဉ်းစားစရာ မလိုတော့ဘူး။ အဲတော့ ကျနော်တို့ အရင်စနစ်ကို ကြည့်ရင် အားလုံးက လုံခြုံရေးနဲ့ အခြေခံထားတာ ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာလည်းပဲ လုံခြုံရေးအပေါ်မှာ အခြေခံတာ ဖြစ်တယ်။ တိုင်းရင်းသားတွေနဲ့ စကားပြောတယ် ဆိုတာလည်း လုံခြုံရေးအပေါ်မှာ အခြေခံတာဖြစ်တယ်။ ခုနက ငြိမ်းချမ်းရေးဆိုတာထက်ကို။ ဆိုတော့ စစ်တပ်ထဲမှာလည်း ဒီလို အယူအဆတွေ တဖြည်းဖြည်း ပြောင်းလာဖို့ လိုတယ်။ အခု ဒီလို ဖြစ်လာတဲ့ကိစ္စ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်လာတဲ့ကိစ္စတွေဟာ စစ်တပ်ထဲမှာပဲဖြစ်စေ၊ ခုနပြောတဲ့ အမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီ အဖွဲ့ထဲမှာပဲ ဖြစ်စေ၊ စဉ်းစားချက်တွေ ပြောင်းလာတယ်လို့ ပြောလို့ရပါတယ်။ အရင်ကဆိုရင် တသွေး၊ တသံ၊ တမိန့် ဖြင့် သွားတာ။ ဆွေးနွေးပြီးမှ ပြောရတာတွေ ရှိလာတယ်။ ချက်ချင်းတော့ မဖြစ်နိုင်ဘူး။ အတိုက်အခံ လုပ်တဲ့ အဖွဲ့တွေကလည်း ဖွဲ့စည်းပုံ ပြောင်းချင်တယ်ဆိုရင် အနေအထားကို ကြည့်ပြီးတော့ လုပ်ဖို့လိုတယ်။ ဘယ်ဟာကို ပြောင်းလို့ရသလဲ။ အဆင်သင့် မဖြစ်သေးတဲ့ အချိန်ကနေ သွားပြောင်းလို့ရှိရင် ပြဿနာရှိတယ်။ ပြောဖို့ ဆိုဖို့တော့ သိပ်ခက်တယ်။ တချိန်မှာတော့ အားလုံးဟာ ခုနက ဒီမိုကရေစီ စနစ်အောက်မှာ လုံခြုံရေးဆိုတာကိုလည်း စစ်တပ်က ဘယ်လို စဉ်းစားမလဲ။ အဲဒီတော့ အတိုက်အခံ ဘက်ကလည်းပဲ လုံခြုံရေးဆိုတဲ့ ကိစ္စကို ဒီမိုကရေစီစနစ်ရဲ့ အသိုင်းအဝိုင်းအောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အောက်မှာ ဘယ်လိုပုံစံမျိုးနဲ့ ပြေလည်အောင် လုပ်မလဲဆိုတဲ့ စဉ်းစားချက် အသစ်တွေ၊ အနေအထားတွေ၊ ဖွဲ့စည်းပုံအသစ်တွေ လုပ်လာဖို့တော့ လိုတယ်။ အဲဒီအချိန်တခုကို ရောက်ဖို့တော့ ကျနော်တို့ နည်းနည်း လိုသေးတယ်ဗျ။”
ဗဟုအဖွဲ့က အဲဒါမျိုးတွေနဲ့ ပတ်သက်လို့ အကောင်းမြင်သလား၊ ဘယ်လောက် အခက်အခဲတွေ ရှိမလဲဆိုတာ တွက်ထားတာရှိလား။
“အခက်အခဲကတော့ အရမ်းများမှာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ ဒီမိုကရေစီစနစ် ဖြစ်လာလေ တယောက်နဲ့ တယောက်တွေ့ဆုံဆွေးနွေးပြောဆိုရတာတွေ ခက်လေပဲ။ ဘာလို့လဲဆိုတော့ အဖွဲ့တွေများလာပြီ။ အရင်တုန်းက ဆိုလို့ရှိရင် ကျနော်တို့ နိုင်ငံရဲ့ မူဝါဒချမှတ်သူတွေ ပေါ့နော်၊ မူဝါဒ ချမှတ်တဲ့အထဲမှာ အန်အယ်လ်ဒီဟာ မပါဘူး။ အခု အန်အယ်လ်ဒီက ပါလာတော့မယ်။ အရင်တုန်းက မူဝါဒ ချမှတ်တာ ဆိုလို့ရှိရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တယောက်တည်းက ချတယ်လို့ ပြောရင် ပြောလို့ရတာပေါ့။ ဒါမှ မဟုတ်လို့ ရှိရင်လည်း နအဖအဖွဲ့က ဆုံးဖြတ်တယ်ပေါ့။ လူနည်းနည်းလေးနဲ့ ဆုံးဖြတ်တာ။ အခုက အစိုးရ အဖွဲ့ထဲမှာလည်း လုပ်လာပြီ၊ အပြင်က လူတွေကလည်း ပြောခွင့် ရှိလာပြီ၊ နိုင်ငံတကာကလည်း ဝင်ပြီးတော့ အကူအညီပေးတာတွေက ရှိလာပြီဆိုတော့။ ဒီလို မူဝါဒ ပြုလုပ်ရေးမှာ အဖွဲ့တွေ များလာပြီ။ အဖွဲ့တွေ များလာတဲ့အခါ ပိုပြီးတော့ ခက်လာတယ်၊ ပိုပြီးတော့ ညှိနှိုင်းရတာတွေ ရှိလာတယ်၊ ဆိုတော့ အဲဒါတွေဟာ ဒီမိုကရေစီမှာ လိုအပ်ပါတယ်။ ခုနက ကျနော် ပြောပြောနေတဲ့ ဒိုင်ယာလော့လိုဟာမျိုး ဖြစ်အောင်လို့ လမ်းပြပေးနေတာပဲဗျ၊ အဲဒီတော့ သွားတော့ သွားနေတယ် ခက်မယ်။ လွယ်လွယ်ကူကူနဲ့တော့ ရောက်မယ်လို့တော့ ကျနော် မထင်ဘူး။ တော်တော်လေးတော့ ကျနော်တို့ တယောက်နဲ့တယောက် နားလည်မှု။ ခုနကပြောတဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ ဒီမိုကရေစီအရေး ဖွံ့ဖြိုးမှု၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရမှု ဒါတွေအပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့ ဘယ်လောက် မြန်မြန်နှေးနှေး သွားမယ်ဆိုတာ ကျနော်တို့ ပြောနိုင်မှာ ဖြစ်ပါတယ်။”
