အကြောက်တရားကိုကျော်လွှားရဲမှ ငြိမ်းချမ်းရေးရနိုင်မယ်
DVB
·
May 27, 2017

မေ ၂၆ ရက်နေ့မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ တတိယနေ့အဖြစ် ဆက်လက်ကျင်းပနေပါတယ်။ ညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်အရေးနဲ့၊ လုံခြုံရေး ကဏ္ဍ (၅) ခုကို ဆက်လက်ဆွေးနွေးနေကြပါတယ်။
ပြီးတော့ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော် မြနန်းဘုံသာလမ်းက သူမရဲ့နေအိမ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ အန်ဘန်လနဲ့ ဇနီးတို့ကို နေ့လယ်စာနဲ့ တည်ခင်းဧည့်ခံဖို့ ဖိတ်ကြားခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကေအိုင်အို ခေါင်းဆောင်နဲ့တွေ့ဆုံပြီး နောက် ဒီကနေ့မွန်းလွဲပိုင်းမှာ ကျန်တဲ့မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ဆက်လက်တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အပစ်ရပ်လက်မှတ်မထိုသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးပြီး (၂၁) ရာစုပင်လုံမှာပါဝင်ဖို့ကိုလည်း တခုတ်တရ ထပ်မံတိုက်တွန်းအားပေးနေတဲ့သဘောပါဘဲ။
လက်နက်ကိုင်လမ်းစဉ် စွန့်ရမယ်ဆိုတဲ့အချက်အပေါ်မှာ အပစ်ရပ်လက်မှတ်ထိုးဖို့ တွန့်ဆုတ်နေတဲ့ KIA နဲ့ မဟာမိတ်တွေကို လက်မှတ်ထိုးပြီး ရဲရဲဝံ့ဝံ့နဲ့ ငြိမ်းချမ်းရေးကို အတူတကွအရယူနိုင်ဖို့ အားပေးတိုက်တွန်းချင်တဲ့ ရည်ရွယ်ချက်ကို ပြသတာပါပဲ။ သူမနဲ့ပြည်သူတွေ အတူရှိနေပါတယ်၊ စောင့်နေပါတယ်ဆိုတာ ပြောပြနေတဲ့ သဘောပါပဲ။
လက်နက်ကိုင်လမ်းစဉ် စွန့်ရမယ်ဆိုတဲ့အချက်အပေါ်မှာ သိပ်အာရုံမထားပါဘဲ ဆွေးနွေးပွဲအောင်မြင်အောင် ဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တခြားတိုင်းရင်းသားတွေနဲ့ အတူတူ မဖြစ်မနေ တည်ဆောက်စေချင်တဲ့ တိုက်တွန်းမှုလို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါလိမ့်မယ်။ အားလုံးနဲ့ ဆိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ရည်ရွယ်ကျင်းပမယ့် (၂၁)ရာစုပင်လုံ ညီလာခံကို ဘယ်အဖွဲ့ အစည်းကမှ ကြိုးကိုင်ချယ်လှယ်လို့ မရပါဘူး။ ပြည်တွင်းစစ်ကို ငြီးငွေ့ စက်ဆုတ်နေတဲ့ ပြည်သူအများစု အနီးကပ်စောင့်ရှောက်နေမှာ ဖြစ်တယ်လို့ သက်ဆိုင်သူ အားလုံးကို သတိပေးမှုလည်း ဖြစ်တယ်လို့ စာရေးသူက ရှုမြင်သုံးသပ်ပါတယ်။
ဒီတော့ မြန်မာနိုင်ငံဟာ ဘာကြောင့် နှစ်ပေါင်း ၇၀ ကြာတဲ့တိုင်အောင် ဘာကြောင့်ငြိမ်းချမ်းရေးရဖို့ နှောင့်နှေးနေရတာလဲ ဆိုတာကို အဖြေရှာကြည့်ရအောင်။ မိသားစုတစုမှာဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်း တခုအတွင်းမှာဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံမှာဖြစ်ဖြစ်၊ မှီတင်းနေထိုင်ကြသူတွေ၊ အုပ်ချုပ်ခွင့်အာဏာရသူတွေဟာ အသိဉာဏ်မဦးစီးနိုင်ဘဲ မှန်စွာတွေးခေါ်မျှော်မြင်နိုင်စွမ်းမရှိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုတွေ ဖြစ်လာတတ်ပ တယ်။ အဲဒီကမှတဆင့် စိုးရိမ်ကြောင့်ကြမှု (အကြောက်တရား) တွေဖြစ်လာပြီး တခြားသူတွေ၊ တခြားလူမျိုးတွေအပေါ်၊ တခြားဘာသာတွေအပေါ် မယုံကြည်မှု မုန်းတီးမှုတွေဆိုတာ ထပ်မံမွေးဖွားစေပါတယ်။
အဲဒီမုန်းတီးမှုတွေကနေ ပြဿနာပဋိပက္ခတွေ၊ အကြမ်းဖက်အဖြေရှာမှုတွေ၊ အခွင့်ထူးခံ ဗိုလ်ကျအနိုင်ကျင့်မှုတွေ၊ ဖိနှိပ်မှုတွေ၊ ဆက်လက်ဖြစ်တည်လာရပါတယ်။ ရုပ်ဆိုးအကျည်းတန်တဲ့ ပြဿနာပဋိပက္ခတွေကနေ အနိဌာရုံတွေဖြစ်ပေါ်လာပြီး အမုန်းတရားတွေ ထပ်ဆင့်ကြီးထွားလာစေပါတယ်။ အဲဒီကမှတဆင့် ပြဿနာပဋိပက္ခ အသစ်အသစ်တွေ၊ လက်နက်နဲ့ အကြမ်းဖက်အဖြေရှာတာတွေ ထပ်မံဖြစ်ပေါ်စေပြီး အင်္ဂလိပ်လို (Vicious Cycle) လို့ခေါ်တဲ့ လူအချင်းချင်းနှိပ်စက်ညှဉ်းပမ်းတဲ့၊ ငြိမ်းချမ်းမှုမရှိတဲ့၊ အနိဋ္ဌာရုံတွေပြည့်လွှမ်းနေတဲ့၊ မတရားမှုတွေနဲ့ အတိပြီးနေတဲ့ ရက်စက်ကြမ်းကြုတ် ဆင်းရဲဒုက္ခ သံသရာထဲမှာ တ၀ဲလည်လည် ဖြစ်နေရတော့တာပါပဲ။
အဲဒီဆင်းရဲဒုက္ခ သံသရာကြီးထဲက လွတ်မြောက်ပြီး ငြိမ်းချမ်းရေးရဖို့ဆိုရင် အဲဒီနိုင်ငံသားတွေဟာ အကြောက်တရားက လွန်မြောက်နိုင်ဖို့ လိုပါတယ်။ နိုင်ငံသားအချင်း ကိုယ်ချင်းစာနာစိတ်နဲ့ မေတ္တာတရား ကျင့်သုံးဖို့လိုပါတယ်။ တခြားသူတွေထက် အမြဲတမ်းအခွင့်ထူးခံရချင်စိတ်၊ ဗိုလ်ကျအသာစီး ယူချင်စိတ်၊ စည်းကမ်းမဲ့စွာ နေထိုင်လိုစိတ်၊ တာဝန်မဲ့လိုစိတ်တွေ ဖျောက်ဖျက်ပစ်ဖို့ လိုပါတယ်။
အပြန်အလှန် လေးစားအသိအမှတ်ပြုနိုင်တဲ့ စိတ်တွေထားနိုင်ဖို့ လိုတယ်။ မိမိလူမျိုးရေး အကျိုးစီးပွားကို ပြည်ထောင်စုတခုလုံးအရေး အကျိုးစီးပွားအထက်မှာ ရှေ့တန်းမတင်မိဖို့ လိုပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာကို အပြောသက်သက်မဟုတ်၊ အသုံးချဖို့ သက်သက်မဟုတ်ဘဲ လက်တွေ့ကျင့်သုံးလိုက်နာဖို့ လိုပါတယ်။
ဒါကြောင့်လည်း အသိနဲ့အကျင့် တထပ်တည်းမကျဘဲ၊ တသားတည်းမရှိဘဲ စကားလုံးလှလှတွေနဲ့ တန်ဆာဆင်ထားတဲ့ အတွေးအမြင်ပြောဆိုမှုတွေဆိုတာ အောင်သီးအောင်နှံ အလျဉ်းမဖွံ့ထွားဘဲ ရနံ့ကင်းမဲ့တဲ့ ပန်းနဲ့အလားသဏ္ဌာန်တူတယ်လို့ ရှင်တော်မြတ်ဗုဒ္ဓက မြွက်ကြားခဲ့တာ မဟုတ်ပါလား။
ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားပြီးတဲ့နောက် ပင်လုံမြို့မှာပဲ ၁၉၄၇ ခုနှစ်မှာ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးအတွက် ပင်လုံသဘောတူညီချက်ရဖို့ ကြိုးပမ်းစဉ်ကာလတုန်းက အနားယူချိန်မှာ စာထိုင်ဖတ်ခဲ့တဲ့ သစ်ပင်ကြီးအောက်မှာပဲ ကျင်းပခဲ့တဲ့ တိုင်းရင်းသားကိုယ်စားလှယ် ၁၂ ဦးနဲ့အတူ ပင်လုံငြိမ်းချမ်းရေး စကားဝိုင်း (Panglong Peace Talk) နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့တာကို အနှစ်ချုပ်ကြည့်လိုက်ရင် အောက်ပါအတိုင်းတွေ့ရပါတယ်။·
ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်၊ အရွယ်မရွေး အားလုံးပါဝင်ဖို့လိုတယ်။ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုရင် ဘာဖြစ်လို့ ငြိမ်းချမ်းရေးမရလဲဆိုတာကို ပထမဆုံး ဆန်းစစ်ရမယ်။ ငြိမ်းချမ်းရေးမရတာ မတူကွဲပြားမှုကြောင့်ဆိုတာ လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်ဘူး။
မတူကွဲပြားရတဲ့ အကြောင်းတခုကတော့ မခံချင်စိတ်၊ ဒေါသတွေကို ရှေ့တန်းတင်လို့ဖြစ်တယ်၊ မိမိတို့ဟာ မေတ္တာတရားကို ရှေ့တန်းတင်မယ်၊ မျှဝေကူညီချင်သည့်စိတ်ကို ရှေ့တန်းတင်မယ်ဆိုရင် အခုလိုကွဲပြားစရာအကြောင်း ရှိမယ်မထင်ပါ။
တိုင်းပြည်မှာရှိတဲ့ ပြဿနာတွေဆိုတာ တကယ်တော့ စိန်ခေါ်မှုပင်ဖြစ်ပြီး စိန်ခေါ်မှုဆိုတာ အခွင့်အရေးတွေဖြစ်တယ်။ ကျော်လွှားနိုင်ရမယ်။
လူတို့သဘာဝအရ အနိုင်ကျင့်သူတွေလည်း ရှိပါနေပါတယ်။ အဲ့ဒီအနိုင်ကျင့်သူတွေ အနိုင်မကျင့်နိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေတခုရှာရမှာဖြစ်တယ်။
နောက်ပြီး ပင်လုံငြိမ်းချမ်းရေးစကားဝိုင်းသို့ တက်ရောက်လာကြတဲ့ တိုင်းရင်းသားတွေကလည်း ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ မျှော်လင့်ချက်တွေ နိုင်ငံရေးအရ၊ လူမျိုးရေးအရ တန်းတူပူးပေါင်းနိုင်မည့် အာမခံချက်တွေ၊ ကရင်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆောင်ရွက်နိုင်ခဲ့မှုတွေ၊ ယုံကြည်မှု၊ ညီညွတ်မှု၊ တဦးကိုတဦး အပြန်အလှန်လေးစားမှု၊ သာတူညီမှုတွေနဲ့ တည်ဆောက်ခဲ့တဲ့အတွက် အောင်မြင်ခဲ့မှုတွေရခဲ့ကြတာ၊ အကြောက်တရားနဲ့ စိုးရိမ်ကြောင့်ကြမှုတွေဟာ ငြိမ်းချမ်းရေးမရစေဘူးဆိုတဲ့ ယုံကြည်မှု ထင်မြင်ချက်တွေ မငြိမ်းချမ်းသေးသည့်အတွက် တိုင်းပြည်နစ်နာနေမှုတွေ၊ ငြိမ်းချမ်းရေးအတွက် တဦးအပေါ်တဦး သဘောထားကြီးဖို့ လိုအပ်နေမှုတွေ၊ လက်နက်ကိုင်အဖွဲ့တွေအကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ များများပြုလုပ်ဖို့ လိုအပ်မှုနေမှုတွေ၊ ပင်လုံစာချုပ် ပင်လုံကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ လက်တွေ့ကျကျ လုပ်ဆောင်ပြဖို့ လိုအပ်မှုနေမှုတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးစကားဝိုင်းနဲ့ ဆက်စပ်လို့ တိုင်းပြည်အတွက် လိုအပ်နေတဲ့ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” (Peaceful coexistence) အကြောင်း ဒီဆောင်းပါးမှာ ဖြည့်ရေးချင်ပါတယ်။ အဲ့ဒီစကားရပ်ရဲ့ အဓိပ္ပာယ်ကတော့ လူမျိုးနှစ်မျိုး (သို့) နှစ်မျိုးထက်ပိုတဲ့ လူမျိုးစုတွေဟာ အသီးသီးရဲ့ မတူကွဲပြားမှုတွေကို အပြန်အလှန်လေးစားအသိအမှတ်ပြုရင်း လူမှုပဋိပက္ခတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ အဖြေရှာပြီး ငြိမ်းချမ်းစွာ အတူရှင်သန်နေထိုင်ကြခြင်းပါပဲ။
အဲ့ဒီလိုငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်နိုင်ဖို့အတွက် လူမျိုးအသီးအသီးရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ ဘာသာစကား၊ စာပေ၊ အနုပညာရပ်တွေကို အပြန်အလှန်လေးစား အသိအမှတ်ပြုဖို့ လိုသလို ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်စွာကျင့်သုံးခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်တွေ အပ်နှင်းရမှာဖြစ်ပါတယ်။ လူမျိုးစုများအားလုံး အခွင့်အရေးတူညီမှု၊ အပြန်အလှန်ဖေးကူမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်မှုကို အားဖြည့်ထောက်ကူကြရမှာဖြစ်တယ်။
နိဂုံးချုပ်အနေနဲ့ ရေးချင်တာကတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့တည်ထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ဆိုရင် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပါအ၀င် မြန်မာနိုင်ငံသားအားလုံး မိမိအကျိုး၊ မိမိအဖွဲ့အစည်းအကျိုး၊ မိမိလူမျိုးအကျိုး၊ မိမိဘာသာအကျိုး ဆုတ်ယုတ်လေမလားဆိုတဲ့ မမှန်ကန်တဲ့ စိုးရိမ်ပူပန်ကြောင့်ကြမှုဆိုတဲ့ အကြောက်တရားကို ကျော်လွှားရဲမှ ငြိမ်းချမ်းရေးရနိုင်မှာပါ။ အကြောက်တရားကိုတော့ သီလ၊ သမာဓိ ပညာတွေနဲ့ ကျော်လွှားလွန်မြောက်နိုင်ပါတယ်။
တကယ်တော့ ငြိမ်းချမ်းရေးရရင် လူမျိုးတိုင်း လူမျိုးတိုင်း၊ လူတိုင်း လူတိုင်းရဲ့ ဘ၀တွေ တိုးတက်မြင့်မားလို့ နောင်မျိုးဆက်သစ်တွေထိ ကောင်းကျိုးချမ်းသာရနိုင်တာမို့ နိုင်ငံသားတိုင်း၊ အဖွဲ့အစည်းတိုင်းက မိမိတို့ဘက်ကပေးနိုင်တာ၊ စွန့်လွှတ်သင့်တာတွေကို ပေးဆပ်စွန်လွှတ်လို့ သမိုင်းပေးတာဝန်တရပ်အနေနဲ့ စိတ်သတ္တိရှိရှိ အစွမ်းရှိသရွေ့ ၀ိုင်းဝန်းအားထုတ်ပြီး ငြိမ်းချမ်းရေးကို အရယူပေးကြပါလို့ အလေးအနက်မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
မင်းကောင်းချစ်