Home မြန်မာသတင်း ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ် ဆိုင်းငံ့
ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ် ဆိုင်းငံ့
အေးနိုင်
·
February 3, 2012
assk copy အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလ ၄ ရက်နဲ့ ၅ ရက်နေ့ မန္တလေးတိုင်း စည်းရုံးရေးခရီးစဉ်ကို မန္တလေးက ဗထူးအားကစားကွင်း၊ မိုင်ဒါ အားကစားကွင်း နှစ်ကွင်းနဲ့ ဘောလုံးသင်တန်းကွင်းတွေမှာ ခွင့်ပြုချက်မရ ဖြစ်ခဲ့ပြီးတဲ့နောက် ရွှေ့ဆိုင်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် တနင်္သာရီတိုင်း ထားဝယ်ကို ရောက်ရှိတုန်းက လူထောင်သောင်းချီကြိုဆိုသလို မန္တလေးမြို့နဲ့ ပုသိမ်မြို့တွေမှာ ပါတီစည်းရုံးရေးလုပ်မယ်လို့ ပြောထားပါတယ်။
မန္တလေး ဗထူးကွင်းကို ခွင့်တောင်းရာမှာ ဗထူးကွင်းတာဝန်ခံက ခွင့်ပြုပေမယ့် ကော်မရှင်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပိုင် ကွင်းဖြစ်လို့ ခွင့်တောင်းခိုင်းပါတယ်။ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေထံ ခွင့်တောင်းတဲ့အခါ ကော်မရှင်ခွင့်ပြုချက်ရရင် ပေးပါမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဗထူးအားကစားကွင်းကို လာမယ့်ရက်ပိုင်းကျရင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လာရောက်စစ်ဆေးမှာဖြစ်လို့ ခွင့်မပြုနိုင်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။
ဗထူးကွင်းကို စီမံရတာဟာ မော်တော်ယာဉ်ကြော ပိတ်ဆို့မှုမဖြစ်အောင်၊ ဒီပွဲကိုလာသူတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ပရိသတ်တွေ တိုးဝှေ့ရာက ထိခိုက်ဒဏ်ရာရတာ မရှိရအောင် နဲ့ လူတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့နိုင်အောင် စီမံတာလို့ ကွင်းရရှိရေး လိုက်ပါဆောင်ရွက်တဲ့ မန္တလေးတိုင်း အဖွဲ့ချုပ် သတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပါတယ်။
မန္တလေးတောင်ခြေမှာရှိတဲ့ မိုင်ဒါကွင်းမှာ ခွင့်ပြုချက် တောင်းခံရာမှာလည်း မရရှိခဲ့သလို မန္တလေးရတနာပုံ ဘောလုံးအသင်းရဲ့ သင်တန်းကွင်းဖြစ်တဲ့ သီရိမန္တလာ ကွင်းမှာ ကျင်းပခွင့်ကိုလည်း ငြင်းပယ်ခံရပါတယ်။
ညနေလေးနာရီခွဲခန့်မှာ တကွင်းမှ မသေချာတော့တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူတွေ ၃၅လမ်းမှာ ရှိတဲ့ ရှမ်းတိုင်းရင်းသား သာရေးနာရေးအသင်းတိုက်မှာပဲ ကျင်းပဖို့ သုံးနာရီကို ကျပ်ငါးသိန်းနှုန်းနဲ့ စပေါ်ပေးချေခဲ့ပြီး ကော်မရှင်ကို တင်ပြရာမှာ ကော်မရှင်က ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အဲဒီကွင်းက သေးတာကြောင့် မကျင်းပတော့ဘဲ ဒေါ်စုခရီးစဉ်ကို ဆိုင်းငံ့လိုက်တယ်လို့ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးအုန်းကြိုင်က ပြောပါတယ်။
“ပထမတော့ ကော်မရှင်ရဲ့ ခွင့်ပြုချက်ရဖို့က အဓိကဆိုတော့ ကော်မရှင်က လေးနာရီလည်း ခွဲခါနီးပြီဆိုတော့ ကျနော်တို့ ရဲဘော်တွေက ဥက္ကဋ္ဌကလည်း လာမယ့်ခရီးစဉ်ရှိနေတော့ ဖြစ်တဲ့နည်းနဲ့ လုပ်မယ်ဆိုပြီး တခြားကွင်းကို လုပ်လိုက်ကြတယ်။ ဒါပေမယ့် တကယ့်တကယ် ကွင်းကိုသွားကြည့်တော့ ကွင်းက ဘောလုံးကွင်း တကွင်းစာပဲရှိတယ်။ လူဦးရေက အလွန်ဆုံး အပြည့်အကျပ် သွင်းရင်တောင်မှ ၄၊ ၅ သောင်းလောက်ပဲ ဆန့်မယ်။ မန္တလေး ပရိသတ်က သိန်းနဲ့ချီမှာလေ။ လူတွေ ပင်ပန်းဆင်းရဲ ဖြစ်မှာဆိုးလို့ အဲဒါကြောင့် ဒီအခြေအနေကို တင်ပြလိုက်တဲ့အခါ ရွှေ့ဆိုင်းဖို့ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်လာတယ်။”
ဒီဆိုင်းငံ့လိုက်ရမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြမယ့် မန္တလေးသားတွေကို အားနာတယ်လို့ သူက ပြောပါတယ်။
“အခု လူငယ်တွေကဆိုရင် ဆိုင်ကယ်အစီး ၁ သောင်းတဲ့။ လေဆိပ်ကနေ သွားကြိုမှာ။ အားခဲထားပြီးတော့ နေတဲ့လူတွေရဲ့ အသံကို တချို့ကလည်း မြို့နယ်အလိုက်လာပြီး ကြိုဆိုဖို့ အစီအစဉ်တွေ လုပ်နေတာကို တွေ့ရတော့ အားနာတာပေါ့။”
ဒီဘောလုံးကွင်းတွေထဲမှာ လူများရင် ဘောလုံးကွင်း ပျက်စီးမှာ စိုးရိမ်ရပေမယ့် အရင်ကလည်း စင်တင်ဖျော်ဖြေပွဲတွေ ကျင်းပခွင့်ပြုခဲ့ပါတယ်၊ အခုသွားညှိရာမှာလည်း ကျပ်ငွေ ရသိန်း ပေးမယ်လို့ ပြောထားပေမယ့် ခွင့်ပြုချက်မရ ဖြစ်ခဲ့တာပါ။
မန္တလေးက ဘောလုံးကွင်းတွေမှာ ကျင်းပခွင့်မရပေမယ့် ပုသိမ်မြို့နယ်ကို အခုလ ၇ ရက်နေ့သွားမယ့် ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံပွဲကိုတော့ သက်ဆိုင်ရာက တိုင်းဘောလုံးကွင်းကို အသုံးပြုခွင့်ပေးထားပါတယ်။
ဆက်စပ်သတင်းများ