Home
မြန်မာသတင်း
ဘူးသီးတောင်တွင် ၃၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
May 12, 2017
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ကျပ် ၃၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၆ သိန်းကို မေလ ၁၁ ရက်နေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။ ဘူးသီးတောင်မြို့နယ်၊ ၆ မိုင်ရဲကင်းက တာဝန်ကျပူးပေါင်းအဖွဲ့ဟာ အနက်ရောင် Surf ကားတစီးပေါ်က မသင်္ကာစရာ အထုပ်တွေကို ဖူဆိုကုန်တင်ကားတစီးပေါ် ပြောင်းရွှေ့တင်နေတာကို တွေ့ရှိခဲ့တဲ့အတွက် ဖူဆိုကုန်တင်ကားကြီးကို ရှာဖွေခဲ့တဲ့အခါ ပီနံအိတ်နဲ့ထုပ်ထားတဲ့ အထုပ် ၁၆၀ ထဲက R အမှတ်တံဆိပ်ပါ စိတ်ကြွဆေးပြား ၁၆ သိန်းကို ရှာဖွေတွေ့ရှိခဲ့တာလို့ အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပြောပါတယ်။ ကုန်တင်ကားကို မောင်းနှင်လာတဲ့ ယာဉ်မောင်း ဦးလေးရွှေနဲ့ ယာဉ်နောက်လိုက် ဦးစောရန်အောင်တို့ကို ဖမ်းဆီးစစ်ဆေးနေပေမယ့် ကုန်ကားပေါ် ပစ္စည်းတွေပြောင်းတင်ခဲ့တဲ့ Surf အနက်ရောင်နဲ့ ယာဉ်ပေါ်ပါသူတွေကိုတော့ ဖမ်းဆီးရမိတာ မရှိသေးဘဲ စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့ ဆေးပြားတွေကို သိမ်းဆည်းပြီး ဒု-ရဲအုပ်ကျော်ကျော်နိုင်က တရားလို ပြုလုပ်ကာ တောင်ဘဇာနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၁၊ မယ(ပ) ၃/၂၀၁၇ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။ မေလ ၁ ရက်နေ့ကလည်း မောင်တောမြို့အဝင် သုံးမိုင်စစ်ဆေးရေးဂိတ်မှာ စိတ်ကြွမူးယစ်ဆေးပြား ကျပ်သိန်း ၈၈၀၀ ဖိုး၊ ဆေးပြားအရေအတွက် ၄၄၀၀၀၀ ကို ဖမ်းမိခဲ့ပြီး အဲဒီအမှုမှာ ဗိုလ်မှူးတဦးပါအဝင် တပ်မတော်သားနှစ်ဦး ပတ်သက်နေတဲ့အတွက် ဖမ်းဆီးအရေးယူထားရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ သတင်း၊ ဓာတ်ပုံ-ကိုအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024