ဗိုလ်ကြီးဟောင်းနေမျိုးဇင် လက်ကျန်အမှု အမိန့်ချတော့မည်
အေးနိုင်
·
January 27, 2012

အင်းစိန်မြို့နယ် တရားရုံးမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ လက်ကျန်အမှုကို ဒီကနေ့ ရုံးထုတ်ပြီး လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အမိန့်ချဖို့ ဆုံးဖြတ်လိုက်တယ်လို့ ရုံးချိန်းတက်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။
[caption id="attachment_20507" align="alignright" width="300" caption="နေမျိုးဇင်"]
[/caption]
“ကျနော် ရုံးချိန်း ၃ ချိန်း ထွက်ခဲ့ပြီးပြီ။ ဒီကနေ့ကတော့ ရှေ့နေလျှောက်လဲဖို့ ရှေ့နေမလာဘူး။ ဒါပေမယ့် လျှောက်လဲချက်စာတမ်း တင်ပြီးပြီ။ အခုလာမယ့် ၁ ရက်နေ့မှာ အမိန့်ချမယ်။ ဒီလောက်ထိ ကြပ်ကြပ်မတ်မတ် လုပ်တယ်။ ရဲတွေရော၊ တရားလိုပြ သက်သေတွေရော၊ အက်စ်ဘီတွေရော သူတို့ မဖြစ်မနေ ခေါ်ပြီးတော့ ကြီးကြီးကျယ်ကျယ်ကြီး လုပ်တယ်ဆိုတော့ ချတော့ ချမယ်ထင်တယ်ဗျ။”
ကိုနေမျိုးဇင်ကို အကျဉ်းထောင်တွင်းရှိစဉ်က ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်တွေ သွင်းယူတဲ့အပေါ် ထောင်တွင်းကို ကန့်သတ် တားမြစ်ပစ္စည်းသွင်းဖို့ ကြိုးပမ်းတယ်ဆိုပြီး အကျဉ်းထောင် အက်ဥပဒေပုဒ်မ (၄၂) နဲ့ စွဲဆိုထားတာပါ။
ဒီပစ္စည်းတွေဟာ မနှစ်က ဩဂုတ်လ ၂၃ ရက်နေ့က ထောင်ပြင်ဆေးရုံမှာ ခါးနာဝေဒနာ ပြသတုန်းက မိတ်ဆွေတွေ ပေးလိုက်တာဖြစ်ပြီး လူနာတင်တဲ့ကားပေါ် ပါလာတဲ့ ထောင်ဝန်ထမ်းတွေ ရှေ့မှာပဲ ယူတာပါလို့ ကိုနေမျိုးဇင်က ပြောပါတယ်။
အဲဒီတုန်းက ဘာမှမဖြစ်ခဲ့ဘဲ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တဲ့နေ့မှာ သက်ဆိုင်ရာက ပုဒ်မအသစ်တပ်ပြီး အာမခံပေး လွှတ်ပေးလိုက်တာပါ။
ကိုနေမျိုးဇင်ဟာ အခုလ ၁၃ ရက်နေ့က သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်က ပြန်လွတ်လာပေမယ့် အဲဒီအမှုအတွက် ထောင်ပြင်မှာ ရုံးထုတ်ပြီး အာမခံနဲ့ အပြင်မှာ နေနေတာပါ။
ကိုနေမျိုးဇင်ရဲ့ ရှေ့နေက ဒီပစ္စည်းတွေဟာ တားမြစ်ပစ္စည်းထဲမှာ မပါတာကြောင့် သူ့အမှုသည်ဟာ အပြစ်မရှိဘူးလို့ တရားရုံးမှာ ကြိုတင် လျှောက်လဲချက် ပေးခဲ့ပါတယ်။
ဒီအမှုမှာ ပြစ်မှုကျူးလွန်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် ခြောက်လနဲ့ ဒဏ်ငွေဆောင်ရဖို့ ရှိပါတယ်။
ကိုနေမျိုးဇင်ကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံဟာ တားမြစ်ပစ္စည်း မဟုတ်တာကြောင့် ဒဏ်ငွေတောင် မဆောင်နိုင်ဘူးလို့ ဆိုပါတယ်။
