Home မြန်မာသတင်း ကေအန်ယူနယ်မြေအတွင်းရှိ အစိုးရတပ်များ ရုပ်သိမ်းရန် တောင်းဆို
ကေအန်ယူနယ်မြေအတွင်းရှိ အစိုးရတပ်များ ရုပ်သိမ်းရန် တောင်းဆို
အေးနိုင်
·
January 27, 2012
knu statement အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးကြတဲ့အခါမှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေထဲက အစိုးရတပ်တွေ လျှော့ချ-ရုပ်သိမ်းပေးဖို့ကိစ္စ ဆွေးနွေးမယ်လို့ ကေအန်ယူက ကြေညာလိုက်ပါတယ်။
ဒီလ ၂၃ ရက်က စတဲ့ သုံးရက်ကြာ ကေအန်ယူ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးက ဆုံးဖြတ်လိုက်တာပါ။
အစိုးရနဲ့ အပစ်ရပ်ရေး ဆက်ဆွေးနွေးဖို့၊ ကေအန်ယူနယ်မြေထဲက အစိုးရတပ်တွေရုပ်ဖို့၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြည်တွင်းပြည်ပ ကရင်ပြည်သူတွေရဲ့ အကြံပြုချက်တွေယူဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပိုမိုပူးပေါင်းပါဝင်အောင် ဆောင်ရွက်ဖို့ စတာတွေကို အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
နိုင်ငံရေးဆွေးနွေးမှုအဆင့်မှာတော့ တိုင်းရင်းသားလူမျိုးစုအင်အားတွေနဲ့ စုပေါင်း ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံးဟာ ဇန်နဝါရီ ၁၂ ရက်နေ့တုန်းက အစိုးရကိုယ်စားလည်တွေနဲ့ ဘားအံမြို့ တွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ သဘောတူညီချက် တစောင်၊ ကေအဲန်ယူက ထပ်မံ ဆွေးနွေးလိုတယ်လို့ တင်ပြခဲ့တဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်ရေးအပါအဝင် အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူညီချက် တစောင် နှစ်စောင် ရေးထိုးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် နောက်တကြိမ် နှစ်ဘက်တွေ့ဆုံပွဲကို လေးဆယ့်ငါးရက်အတွင်း ထပ်မံကျင်းပဖို့လည်း သဘောတူခဲ့ပါတယ်။
ဒီလိုဖြစ်ထွန်းမှုတွေအပြီး ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေးဗစ်ထောက နိုင်ငံရေးကိစ္စကို ဆက်ဆွေးနွေးမှာဖြစ်သလို နံပါတ်တစ် အရေးကြီးတဲ့ကိစ္စဟာ ပဋိပက္ခဖြစ်တဲ့ နယ်မြေတွေက လူတွေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ရွာတွေက လူတွေကို ပြန်လည်ပြီးတော့ နေရာချထားဖို့နဲ့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံးဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နှစ်ပေါင်း ၆၀ ကျော် လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပြီး မွန်၊ ကချင်၊ ကရင် ကရင်နီတော်လှန်ရေး အဖွဲ့အစည်းတွေ အပါအဝင် တိုင်းရင်းသားအဖွဲ့တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။
ဆက်စပ်သတင်းများ