ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေး ကော်မတီဖွဲ့စည်း
နေသွင်
·
January 12, 2012

ကျောင်းသားသမဂ္ဂများ ဖြစ်ထွန်းပေါ်ပေါက်ရေးကော်မတီ တရပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးမြို့မှာ စတင် ဖွဲ့စည်းလိုက်ပါတယ်။
[caption id="attachment_19865" align="alignright" width="300" caption="ဦးနေဝင်း အစိုးရက ဒိုင်းနမိုက်နဲ့ ဖြိုခွင်းလိုက်သည့် သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦ "]
[/caption]
ကော်မတီရဲ့ ရှေးဦးလုပ်ငန်းစဉ်အဖြစ် ကျောင်းသားထုအကြား သမဂ္ဂစိတ်ဓာတ် ပြန်လည်ရင့်သန်လာဖို့နဲ့ ကျောင်းအသီးသီးမှာ သမဂ္ဂတွေ ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းဖို့ ဖြစ်တယ်လို့ ကော်မတီ ပြောခွင့်ရသူ ကိုရဲရင့်အောင်က ပြောပါတယ်။
ဗကသများ အဖွဲ့ချုပ်ဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကတည်းက ဖြစ်တည်ခဲ့တာ ဖြစ်ပြီး လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံခေါင်းဆောင် အတော်များများကို မွေးထုတ်နိုင်ခဲ့ပါတယ်။
ဗကသ ပြန်လည်ပေါ်ပေါက် ကော်မတီ ပြောခွင့်ရသူ ကိုရဲရင့်အောင်ကတော့ မကြာခင်မှာ အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။
၁၉၆၂ ခုနှစ်မှာ တပါတီအာဏာရှင်စနစ် ကာလကစလို့ မြေပေါ်မှာ ရပ်တည်နိုင်ခြင်း မရှိတော့ဘဲ မြေအောက်လှုပ်ရှားမှု အဖြစ်သာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦ ကိုလည်း အာဏာသိမ်း တက်လာတဲ့ ဦးနေဝင်း အစိုးရက ဒိုင်းနမိုက်နဲ့ ဖြိုခွင်းပြီး သမဂ္ဂလှုပ်ရှားမှုတွေကို နှိပ်ကွပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကာလမှာ ကျောင်းသားသမဂ္ဂဟာ မြေပေါ်ကို ခဏ ပြန်ရောက်ခဲ့ပြီး ဗကသ ဥက္ကဋ္ဌ ကိုမင်းကိုနိုင်ကို ဖမ်းဆီး ထောင်ချခဲ့ပါတယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလမှာ ဗကသကို နောက်တကြိမ် ပြန်လည်ဖွဲ့စည်းတဲ့အခါ ဥက္ကဋ္ဌအဖြစ် ကိုကျော်ကိုကို ကို တင်မြှောက်ခဲ့ကြပါတယ်။ အဲဒီကာလမှာ ကျောင်းသားသမဂ္ဂမှာ လှုပ်ရှားခဲ့တဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ ၂၀၀၇ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကို အစိုးရက ဖမ်းဆီးပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
အစိုးရသစ် တက်လာတဲ့ နောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသား တချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ကိုကျော်ကိုကိုနှင့် ၂၀၀၇ မျိုးဆက်၊ ကျောင်းသား သမဂ္ဂမှာ လှုပ်ရှားခဲ့သူတွေကို ခုချိန်ထိ ပြန်မလွှတ်ပေးသေးပါဘူး။
