ကြားဖြတ်ရွေးကောက်ပွဲအတွက် အန်ဒီအက်ဖ် အကြို ဆွေးနွေး
DVB
·
January 6, 2012

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်တွေအတွက် ဝင်ပြိုင်နိုင်ဖို့ ပြည်နယ်နဲ့တိုင်းအစည်းအဝေးကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) က ဒီကနေ့ အကြို ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပါတယ်။
ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက ဝင်ရောက် ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီးအလိုက် ပါတီဝင် ကိုယ်စားလှယ်တွေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် အန်ဒီအက်ဖ် ပါတီရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
“လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးအလိုက် လစ်လပ်တဲ့ နေရာတွေ ရှိတယ်ပေါ့ဗျာ။ အဲဒီရှိတဲ့နေရာမှာ ဘယ်သူတွေ ဝင်ကြမလဲ၊ ဘယ်သူတွေ ဝင်နိုင်မယ်ပေါ့။ အဲဒီအပေါ်မှာ အကြိုဆွေးနွေး ပြောဆိုတာပါ။ နောက်တဆင့် အပြီးသတ် ဆွေးနွေးဖို့ ကျန်ပါသေးတယ်” လို့ ပဲခူးတိုင်းဒေသကြီး သနပ္ပင် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးအောင်မျိုးဝင်းက ပြောသည်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာရှိပြီး အန်ဒီအက်ဖ်အနေနဲ့ ၁၇ နေရာလောက် ဝင်ရောက် ယှဉ်ပြိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ၁၆ နေရာ အနိုင်ရရှိထားတဲ့ အန်ဒီအက်ဖ်အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အရင်ပါတီဟောင်း အန်အယ်လ်ဒီပါတီနဲ့ အပြိုင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလိုပဲ အခုလည်း တိုင်းဒေသကြီး လွှတ်တော်ကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ မရှိဘူးလို့လည်း ဆိုပါတယ်။
ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်တွေအနေနဲ့ ရွေးကောက်ပွဲမှာ ကုန်ကျမယ့် အသုံးစရိတ်တချို့နဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်လောင်း တချို့က ပါတီက ကျခံရန်လည်း ထည့်သွင်းပြောဆို ဆွေးနွေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီ ကိုယ်စားလှယ် လောင်းတွေကို ဇန်နဝါရီ ၁၆ ရက်ကနေ ၃၀ ရက်အတွင်း အပြီး စာရင်းပေးသွင်းရမှာ ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
