ကေအန်ပီပီနှင့် မြန်မာအစိုးရတပ် တိုက်ပွဲဖြစ်
DVB
·
January 6, 2012

မြန်မာအစိုးရနဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ငြိမ်းချမ်းရေး ပဏာမ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့ အစိုးရတပ်တွေအကြား ဇန်နဝါရီလ ပထမအပတ်အတွင်းမှာ ရင်ဆိုင်တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့ပါတယ်။
[caption id="attachment_19737" align="alignright" width="300" caption="ခူးဦးရယ်"]
[/caption]
လွိုင်ကော်မြို့အရှေ့မိုင် ၄၀ အကွာ ရှားတောမြို့နယ်မှာ မနေ့က တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ကေအန်ပီပီ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါတယ်။
“မနေ့က မနက် ၇ နာရီခွဲလောက်မှာ ကျနော်တို့ ရှားတောခွင် မြောက်ပိုင်းပေါ့နော်။ ရန်သူ့ဘက်က ခမရ ၄၂၈ က တိုက်ပွဲတပွဲ ထပ်ဖြစ်တယ်။ အဲဒီမှာလည်း ကျနော်တို့ အလောင်း ၄ လောင်းရတယ်ဗျာ။ လက်နက် ၂ လက် ရတယ်။ ကျည်ကပ်က ၄ ဘောက်ပေါ့နော်။”
ဇန်နဝါရီလ ၁ ရက်နေ့က ဖားဆောင်းမြို့နယ် မော်ချီးနဲ့ တောင်ငူ ကားလမ်းမှာ မြန်မာအစိုးရတပ် ခလရ ၇၂ နဲ့ တကြိမ်၊ ဇန်နဝါရီ ၂ ရက်နေ့မှာ ဖားဆောင်းမြို့နယ်ထဲမှာပဲ ခလရ ၁၃၅ နဲ့ တကြိမ် ကေအန်ပီပီ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် မြန်မာအစိုးရနဲ့ ရှေ့ဆက် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေနဲ့ပတ်သက်လို့ ခူးဦးရယ်က အခုလိုပြောပါတယ်။
“ကျနော်တို့ နှစ်ဖက် တရားဝင် တွေ့ဆုံဆွေးနွေးခြင်းလည်း မရှိသေးတော့ သဘောတူညီမှုလည်း မရသေးတဲ့ အခါကျတော့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတာကတော့ အခုမှတော့ မဟုတ်ဘူးပေါ့။ အဲဒီတော့ ကျနော်ထင်ပါတယ်။ ကျနော်တို့တစုံတရာ ထိခိုက်စရာ အကြောင်းမရှိပါဘူး။ ကျနော်တို့နှစ်ဘက်တရားဝင် တွေ့ဆုံဆွေးနွေးတာမျိုးမှ မလုပ်သေးတာကိုး။”
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဘယ်တော့ ထပ်လုပ်မလဲ ဆိုတာကိုတော့ မြန်မာအစိုးရနဲ့ ကေအန်ပီပီ ၂ ဖွဲ့အကြားမှာ ရက်ချိန်း အတိအကျ မရှိသေးပါဘူး။
