အမေရိကန်ပြည်ထောင်စု တင်နက်ဆီပြည်နယ်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ပြန်တွေ့

အမေရိကန်ပြည်ထောင်စု တင်နက်ဆီပြည်နယ် နာ့ရှ်ဗီလီမြို့ ကြက်မွေးမြူရေးခြံတခုမှာ ကြက်ငှက်တုပ်ကွေးရောဂါ ပြန်လည်တွေ့ရှိရကြောင်း အစိုးရတာဝန်ရှိသူတွေက မတ်လ ၆ ရက်နေ့က တရားဝင် သတင်းထုတ်ပြန်ပါတယ်။ ဒီ့အတွက် ကြက်ကောင်ရေ ၇၃၅၀၀ ကို သုတ်သင်မယ့်အကြောင်း အဲဒီကြက်ခြံက ကြက်တွေကို ဝယ်ယူပြီး ကြက်သားထုတ်လုပ်တဲ့ Tyson Foods ကုမ္ပဏီနဲ့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ Tyson Foods ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုမှာ အကြီးဆုံး ကြက်သားထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခုတွေ့ရတဲ့ ကြက်ငှက်တုပ်ကွေးရောဂါဟာ H7 ဗိုင်းရပ်စ်ပိုးပါဝင်တဲ့ HPAI- influenza အမျိုးအစားဖြစ်ပြီး အခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအကြိမ် တွေ့ရတာလို့ အစိုးရစိုက်ပျိုးရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ Tyson Foods ကုမ္ပဏီကတော့ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို အမြန်ဆုံး တားဆီးနိုင်ဖို့အတွက် အစိုးရတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေက အမေရိကန်ပြည်ထောင်စုမှာ HPAI ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှု ဖြစ်ပွားခဲ့ပြီး ကြက်ကောင်ရေ သန်း ၅၀ နီးပါးကို သုတ်သင်ခဲ့ရပါတယ်။ ဒီ့အတွက် ကြက်ဥနဲ့ ကြက်သားဈေး အဆမတန် မြင့်တက်ခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up