Homeမြန်မာသတင်း
မူဆယ်ရှိ မြန်မာ-တရုတ်နယ်စပ်ဖြတ်သန်းဂိတ် ၃ ခုတွင် ၀င်ထွက်သူများဖြင့် ပုံမှန်နီးပါးပြန်ဖြစ်
မူဆယ်ရှိ မြန်မာ-တရုတ်နယ်စပ်ဖြတ်သန်းဂိတ် ၃ ခုတွင် ၀င်ထွက်သူများဖြင့် ပုံမှန်နီးပါးပြန်ဖြစ်
ခွန်ဇော်ဦး
·
December 13, 2016

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာရှိတဲ့ မြန်မာ-တရုတ်နယ်စပ် ဖြတ်သန်းဂိတ် ၃ ခု ဖြစ်တဲ့ ရွှေနန်းတော်၊ ဆင်ဖြူနဲ့ မန်ဝိမ်းကြီးဂိတ်တွေမှာ နေ့စဉ် ဝင်ထွက်သွားလာသူ ပုံမှန်နီးပါး ဖြစ်နေပြီလို့ နယ်စပ်ဂိတ်တာဝန်ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
မူဆယ်၊ ၁၀၅ မိုင်ကုန်သွယ်ဇုန်မှာ နိုဝင်ဘာ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြို့တွင်းတိုက်ပွဲတွေကြောင့် နိုဝင်ဘာ ၂၁၊ ၂၂၊ ၂၃ ရက်နေ့တွေက မူဆယ်နယ်စပ်ဖြတ်သန်းဂိတ် ၃ ခုမှာ မြန်မာဘက်ကနေ တရုတ်ဘက်ကို ထွက်တဲ့သူ များခဲ့ပြီး ထွက်တဲ့သူတွေကလည်း မူဆယ်မှာရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ မြို့ခံတွေပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုလမ်းမပေါ်မှာ ပစ်ခတ်မှုတွေရှိတာကြောင့် နယ်ဝေးက လာရောက်သူတွေ သိပ်မပါဘဲ အဝင်အနေနဲ့ကတော့ TBP (ယာယီနယ်စပ်ဖြတ်ခွင့်လက်မှတ်) ကိုင်ဆောင်ထားသူတွေ ၇ ရက် တပတ်ပြည့်လို့ အဝင်ပြပြီး အထွက်လက်မှတ်အသစ် ပြန်လာလုပ်ကြတာပဲ ရှိပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ပုံမှန်ဖြစ်လာပါတယ်။
တရုတ်နိုင်ငံဘက်ခြမ်းကနေ မြန်မာဘက်ခြမ်းကို ၁ ရက်ဗီဇာနဲ့ ဝင်ရောက်လည်ပတ်ကြတဲ့ တရုတ်နိုင်ငံသား ခရီးသွားတွေကို တရုတ်နယ်စပ်ဂိတ်က ဒီကနေ့ထိ မြန်မာနိုင်ငံခြမ်းကို ဝင်ရောက်လည်ပတ်ခွင့် မပြုသေးတဲ့အတွက် တရုတ်နိုင်ငံသား အဝင်နည်းနေပါသေးတယ်။
ပုံမှန်အခြေအနေဆိုရင် မူဆယ်နယ်စပ်ဂိတ် ၃ ခုကနေ နေ့စဉ် ဝင်ထွက်သွားလာသူ သောင်းနဲ့ချီရှိကြောင်း လဝကရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။