ပဋိပက္ခဖြစ်ပွားခဲ့သည့် မောင်တောကျေးရွာများကို ကိုဖီအာနန် သွားရောက်
DVB
·
December 3, 2016

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပုနဲ့ အစိုးရအဖွဲ့ဝင်တွေ ပါဝင်ပြီး မောင်တောမြို့နယ် မြောက်ပိုင်းက တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ စွပ်စွဲမှုတွေရှိနေတဲ့ ကျေးရွာတွေကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။
ကျီးကန်းပြင်ရဲဌာနချုပ်၊ ဝါပိတ်၊ ကြက်ရိုးပြင်၊ ရွာမ၊ ဒါးကြီးဇားကျေးရွာတွေနဲ့ မောင်တောတောင်ပိုင်းက ရွှေဗဟိုရွာတွေကိုသွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံမှာပါ။ ဒါ့အပြင် ဘူးသီးတောင်မှာတော့ တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကို သီးခြားစီတွေ့ဆုံဖို့ရှိနေပါတယ်။
ဒါ့အပြင် ကော်မရှင်လာရောက်ချိန်မှာပဲ မောင်တောနဲ့ ဘူးသီးတောင်မြို့ပေါ်မှာတော့ ဒေသခံတွေက ကန့်ကွက်ဆန္ဒထုတ်ဖော်ဖို့လည်း ရှိနေပါတယ်။
ကိုဖီအာနန်နဲ့ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ မောင်တောမြောက်ပိုင်း ခရီးစဉ်အတွင်း အစိုးရ မီဒီယာတွေကလွဲပြီး တခြား ပြည်တွင်းပြည်ပ မီဒီယာတွေကို သတင်းယူခွင့်မပြုပဲ သတင်းယူဖို့ လာတဲ့ သတင်းထောက်တွေကို ဝါပိတ်ရွာကနေ နောက်ပြန်လှည့်ခိုင်းခဲ့ပါတယ်။
သတင်း၊ဓာတ်ပုံ-ကိုအောင်