EITI ဦးဆောင်ကော်မတီ ပြန်လည်ဖွဲ့စည်းရန် အစိုးရထံတင်ပြ
နေဖြိုးဝင်း
·
December 2, 2016

သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး EITI ဦးဆောင်ကော်မတီကို သင့်တော်သူတွေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ အစိုးရအဖွဲ့ကို တင်ပြထား တယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကပြောပါတယ်။
မနေ့ကအမျိုးသားလွှတ်တော်မှာ ကယားပြည်နယ်အမတ် ဦးစိုးသိန်းရဲ့ EITI လုပ်ငန်း ဆက်လက်အကောင်အထည်ဖော်မှု အခြေအနေကို သိရှိလိုကြောင်း မေးခွန်းနဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူကပြောကြားသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၁၆ ဇန်နဝါရီမှာ ပထမအကြိမ် တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အစီရင်ခံစာကို နိုင်ငံတကာ EITI ဘုတ်အဖွဲ့ကို တင်သွင်းခဲ့ပြီး တင်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ဒုတိယအကြိမ် အစီရင်ခံစာကို ၂၀၁၇ ဇန်နဝါရီမှာ ထပ်မံတင်သွင်းရတော့မှာ ဖြစ်ပါတယ်။
"ဒါကြောင့် သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) နဲ့ ပတ်သက်ပြီး ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီ၊ သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့တို့ကို သင့်တော်သူတွေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို တင်ပြဆောင်ရွက်နေပါတယ်" လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
ယခင်အစိုးရလက်ထက်က EITI ဦးဆောင်ကော်မတီကို နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြေညာစာနဲ့ ၂၀၁၆ မတ်လမှာ ဖျက်သိမ်းခဲ့ပါတယ်။ အစိုးရသစ်လက်ထက် ဦးဆောင်ကော်မတီကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ဒုဝန်ကြီးက အတွင်းရေးမှူး၊ အဖွဲ့ဝင်တွေအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့က ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြန်လည်ဖွဲ့စည်းပေးဖို့ အဆိုပြုတင်ပြထားပါတယ်။
လာမယ့်ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ Beneficial Ownership လမ်းပြမြေပုံ ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်မှာ ပြုလုပ်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။