ပုဂံဘုရားပြုပြင်ရန် မူလအလှူရှင် ဗိုလ်ချုပ်ကြီးများကို သာသနာရေးဌာနဖိတ်ခေါ်
DVB
·
December 2, 2016

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အရင် စစ်အစိုးရထိပ်တန်းဗိုလ်ချုပ်အများစု လှူဒါန်းထားတဲ့ ပုဂံဘုရားတွေကို ပြုပြင်ဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှူဝန်ကြီးဌာနက ကာယကံရှင်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။
ဘုရားအလှူရှင်တွေထဲ ဖျက်သိမ်းလိုက်တဲ့ တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့လည်း ပါဝင်ပြီး ပြုပြင်ရမယ့် ဘုရားတွေကို မူလအလှူရှင်တွေကို ဦးစားပေး လှူဒါန်းစေမယ်လို့ ၀န်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
“ဘုရား၊ ပုထိုး (၂၂၄)ဆူကို မူလလှူဒါန်းခဲ့သည့် အလှူရှင်များကို ဦးစားပေး လှူဒါန်းစေမှာဖြစ်ပါကြောင်းနှင့် မူလ အလှူရှင်လှူဒါန်းမှု မရှိသည့် ဘုရား၊ ပုထိုးများအား လှူဒါန်းလိုသည့် အလှူရှင် ဖိတ်ခေါ် လှူဒါန်းမှုဖြင့် ထိန်းသိမ်းဆောင်ရွက် သွားမည် ဖြစ်ပါသည်။”
ဝန်ကြီးဌာနကဖော်ပြထားတဲ့ ဘုရားအလှူရှင်များစာရင်းအရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်မိသားစုက ဆင်များရှင်ဘုရား၊ တပ်မတော်ထောက်လှမ်းရေးမိသားစုက လေးမျက်နှာဘုရား တို့ကို လှူဒါန်းပြုပြင်ခဲ့ကြသူတွေလို့ သိရပါတယ်။
ဘုရားမူလအလှူရှင်တွေအနေနဲ့ ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး လှူဒါန်းမယ်၊ မလှူဒါန်းဘူးဆိုတာ ဌာနကို ဆက်သွယ်အကြောင်းကြားရမှာဖြစ်ပြီး ဆက်မလှူရင် အလှူရှင်သစ်တွေကို ဒီဇင်ဘာ ၁၆ ရက်နေ့ စတင်လက်ခံသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်က မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ခ်ျစတာစကေး ၆.၈ ပြင်းအားရှိငလျင်ကြောင့် ပုဂံဘုရားပုထိုးစေတီပေါင်း ၃၉၀ လောက် ထိခိုက်ပျက်စီးခဲ့ပါတယ်။