မိုင်းရှူးမြို့နယ် သစ်တောရုံး မီးလောင်
DVB
·
November 16, 2016

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်က သစ်တောရုံးမှာ နိုဝင်ဘာ ၁၄ ရက် သန်းခေါင်ကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်ရာနေရာမှာ ရပ်ကွက် ၄ ရှိ မြို့နယ်သစ်တောဦးစီးဌာန သစ်တောရုံးမှာဖြစ်ပြီး တရုံးလုံးလောင်ကျွမ်းကာ လူထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံ နန်းကောင်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီနေ့က သန်းခေါင်ကျော်အချိန်ပေါ့။ လူတွေအိပ်နေပြီ၊ မီးလောင်တယ်ပြောနေကြလို့ ထကြည့်တာ မီးခိုးမီးလျှံတွေ တက်သွားတာတွေ့ရတယ်။ ကျမတို့အိမ်နဲ့က ချောင်းခြားပြီး နည်းနည်း အလှမ်းဝေးတော့ အနီးကိုသွားမကြည့်ဖြစ်ပါဘူး။ မိုးလင်းတော့ သစ်တောရုံးတခု လုံး လောင်သွားတာတွေ့တယ်။ လူတော့ ဘာမှမဖြစ်ဘူးတဲ့။”
မီးလောင်မှုနဲ့ ပတ်သက်ပြီး အစိုးရပိုင် အမ်အိုအိုင်သတင်းမှာတော့ အဆိုပါသစ်တောရုံးမှာ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးတထပ်အိမ်ဖြစ်ပြီး မီးဖိုထဲမှာ ဖယောင်းတိုင်မီးက မီးသွေးအိပ်ပေါ် လဲကျရာက စတင်ကူးစက်လောင်ကျွမ်းတယ်လို့ ဖော်ပြပါတယ်။
မီးလောင်ကျွမ်းချိန် မိနစ် ၃၀ ကြာပြီး မီးသတ်ကား ၂ စီးနဲ့ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း၊ မီးလောင်မှုနဲ့ ပတ်သက်ပြီး သစ်တောဝန်ထမ်း တောခေါင်း ဦးသံဘောလူကို မီးပေါ့ဆမှုနဲ့ မိုင်းရှူးမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။