မြန်မာနှင့်အီးယူအဖွဲ့ဝင် နိုင်ငံတပ်မတော်များအကြား ဆက်ဆံရေးမြှင့်တင်မည်
DVB
·
November 8, 2016

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ရောက်ရှိနေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မီခေးလ်ကော့စ်တာရာကို့စ်နဲ့ တွေ့ဆုံပြီး တပ်မတော်အချင်းချင်း ဆက်ဆံရေးမြှင့်တင်ဖို့ ဆွေးနွေး ခဲ့ကြပါတယ်။
ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌရုံးမှာ မနေ့မနက်က တွေ့ဆုံခဲ့တာ ဖြစ်ပြီး ဒီလိုတွေ့ဆုံရာမှာ မြန်မာ့တပ်မတော်နဲ့ အီးယူအဖွဲ့ ၀င်နိုင်ငံတွေရဲ့ တပ်မတော်တွေအကြား ချစ်ကြည်ရေးခရီးစဉ်တွေ အပြန်အလှန်လည်ပတ် ဆက်ဆံမှုမြှင့်တင်ဖို့နဲ့ လေ့ကျင့်ရေး သင်တန်းတွေစေလွှတ်ဖို့စတာတွေ ဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
မြန်မာတပ်မတော်အကြီးအကဲဟာ ကာကွယ်ရေးဦးစီးချုပ်များ၏ ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီအစည်းအဝေးကို တက်ရောက်ဖို့ အီးယူ ဥရောပ သမဂ္ဂရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ပထမဆုံးအကြိမ် ရောက်ရှိနေတာဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ ဘရပ်ဆဲမြို့မှာရှိတဲ့ ၀ါတာလူးစစ်ပွဲအထိမ်းအမှတ်ပြတိုက် Memorial 1815 ကိုလည်း သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။
ဒါ့အပြင် ဘရပ်ဆဲလ်မြို့ရှိ မြန်မာသံရုံးကိုသွားရောက်ပြီးလည်း သံရုံးမိသားစုတွေနဲ့ တွေ့ဆုံကာ မြန်မာနဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေအကြား၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေမှာ ပိုမိုပူးပေါင်းလုပ်ဆောင်ဖို့ တိုက်တွန်း ပြောကြားခဲ့တယ်လို့ တပ်မတော် သတင်း ထုတ်ပြန်ချက်အရသိရပါတယ်။