သာယာဝတီတွင် ယာဉ်မောင်းသူများ ထိုင်ခုံခါးပတ်တပ်ရန် ပညာပေး
DVB
·
November 7, 2016

ပဲခူးတိုင်း၊ သာယာဝတီမြို့မှာ မော်တော်ယာဉ်မောင်းတွေနဲ့ လိုက်ပါစီးနင်းသူတွေ အသက်ကယ်ထိုင်ခုံခါးပတ်တွေ ပတ်ကြဖို့ အသိပညာပေးလုပ်ငန်းတွေကို နိုဝင်ဘာဆန်းပိုင်းက စတင်လုပ်နေတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်နိုင်ဌေးက ပြောပါတယ်။
သာယာဝတီခရိုင်မှာ နိုဝင်ဘာလဆန်းပိုင်းကစတင်ပြီး ပညာပေးကာလ သတ်မှတ်ပြုလုပ်ပေးနေတာဖြစ်ပြီး ပညာပေးကာလ ကျော်လွန်သွားရင် လိုက်နာမှုမရှိပါက ၅၄(င) မော်တော်ယာဉ်အက်ဥပဒေ (၆၂) အရ ထိရောက်စွာ အရေးယူမယ်လို့လည်း ပြောပါတယ်။
အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအနေနဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးစီမံချက် ၂၀၁၄-၂၀၂၀ ကို အချိန်တိုအတွင်း ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာက ရန်ကုန်အပါအ၀င် တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
မော်တော်ယာဉ်မောင်းတွေနဲ့ စီးနင်းလိုက်ပါသူတွေအားလုံး အသက်ကယ်ထိုင်ခုံခါးပတ်တပ်ရေးနဲ့ ပြည်တွင်းသုံးမော်တော်ယာဉ်တွေမှာ အသက်ကယ် ထိုင်ခုံခါးပတ်တွေ ပြည့်စုံစွာပါရှိရေးအတွက် သတ်မှတ်ချက်တွေကို ကုန်းလမ်းပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ၂၀၁၅ ဇန်နဝါရီမှ ဒီဇင်ဘာအတွင်း (မော်တော်ဆိုင်ကယ် မပါ) မော်တော်ယာဉ်ကြောင့် ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုတွေမှာ သေဆုံးသူ ၂၁၅၉ ဦးရှိပြီး အသက်ကယ် ထိုင်ခုံခါးပတ်အသုံးမပြုလို့ သေဆုံးမှု အများဆုံးလို့ စိစစ်တွေ့ရှိရကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - မေသွယ်