မန္တလေးတွင် ဒုစရိုက်မှုလျော့နည်းရန် စီစီတီဗွီ ကင်မရာများ တပ်ဆင်မည်
DVB
·
November 2, 2016

မန္တလေးခရိုင်အတွင်းမှာ ၂၀၁၇ နှစ်ဆန်းကစပြီး လမ်းတိုင်းရဲ့ နေရာစုံမှာ ဒုစရိုက်မှု လျော့နည်းအောင် စီစီတီဗွီ ကင်မရာတွေကို တပ်ဆင်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးတဦးက ပြောပါတယ်။
ဒုစရိုက်မှုတွေ လျော့နည်းလာအောင် ဆိပ်ကမ်း၊ ကမ်းနားလမ်း၊ ဘုရားကြီး၊ အဝေးပြေးကားကွင်းတွေကအစ လမ်းဆုံလမ်းခွ နေရာပေါင်းစုံမှာ စီစီတီဗွီ ကင်မရာတွေ၊ Police Box တွေ အလုံးပေါင်း ၁၆၀ ကို မန္တလေးခရိုင်အတွင်း တပ်ဆင်သွားမယ်လို့ စီမံကိန်းများကို တွဲဖက်တာဝန်ယူထားတဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောလိုက်တာပါ။
“ကျနော်တို့မှာ ဘာအားနည်းနေလဲဆိုတော့ Down Town ဧရိယာပဲ ကျနော်တို့ တပ်နိုင်သေးတယ်။ ချမ်းမြသာစည်တို့၊ ပြည်ကြီးတံခွန်တို့၊ နောက် ကန်တော်ကြီးတို့၊ ကမ်းနားလမ်းတို့ မတပ်နိုင်သေးဘူး။ အဲဒီအတွက်လည်း ကျနော်တို့ တပ်ဖို့ ကြိုးစားနေတယ်။ ဒီ Plan ထဲမှာတော့ ပါတယ်။ ဒါလည်း ကျနော်က e-Government ရဲ့ ပရောဂျက်ထဲမှာ ထည့်သွင်းစဉ်းစားထားတာပေါ့။ Police Station တွေမှာ Control Room ထားမှာပေါ့။ ထားပြီးတော့မှ ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုရင် ချက်ချင်းကြည့်လိုက်ရင် မြင်နိုင်တာပေါ့။”
၂၀၁၃ ခုနှစ်က မန္တလေးတမြို့လုံးကို စီစီတီဗွီ ကင်မရာတွေ တပ်ဆင်ဖို့ တရုတ်နိုင်ငံက ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အခုတပ်ဆင်မယ့် စီစီတီဗွီ ကင်မရာတွေကို တိုင်းအစိုးရနဲ့ ရဲတပ်ဖွဲ့တွေက ပူးပေါင်းပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။
လမ်းတိုင်းမှာမကဘဲ နေအိမ်တချို့မှာလည်း တပ်ဆင်ချင်သလို ဖြစ်ပေါ်တဲ့ ဒုစရိုက်မှုတွေကိုလည်း အထိရောက်ဆုံး ဖြေရှင်းသင့်တယ်လို့ ဒေသခံတချို့က သုံးသပ် ပြောဆိုပါတယ်။
မန္တလေးဒေသခံတဦးဖြစ်တဲ့ မယဉ်ယဉ်ခန့်က “တပ်မယ်လို့တော့ ပြောတယ်။ နေရာတချို့မှာပဲ တပ်တာ တွေ့ရတယ်။ နေရာတော်တော်များများမှာ တပ်ရင်တော့ ပိုပြီးတော့ အဆင်ပြေမယ်။ လမ်းမှာ စီစီတီဗွီတပ်တယ်။ ဒုစရိုက်မှုတွေ ဖြစ်တဲ့အခါမှာ ပြန်ကြည့်လို့ ရတယ်။ တရားခံကိုလည်း သိတယ်။ သိတယ်ဆိုပေမယ့် ဒါကို ထိထိရောက်ရောက် အရေးယူဖို့တော့ လိုတယ်။ သိပြီးတော့ ထိထိရောက်ရောက် အရေးမယူလည်း အလကားပဲနော်” လို့ သုံးသပ် ပြောဆိုပါတယ်။
မန္တလေးခရိုင်အတွင်းမှာ ညပိုင်း ဆိုင်ကယ်နဲ့ လုယက်မှုတွေ များလာတာ၊ လူငယ်တွေ မူးယစ်ဆေးသုံးစွဲတာ များလာတာကြောင့် အုပ်စုဖွဲ့ ရမ်းကားတာတွေ ရှိလာလို့ အရေးယူ ဖြေရှင်းပေးဖို့ တိုင်းလွှတ်တော်မှာ အဆိုပြု တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
တိုင်းအစိုးရအဖွဲ့က မှုခင်းကျဆင်းအောင် လုပ်ဆောင်မှုတွေ ရှိခဲ့ပေမယ့် ထိထိရောက်ရောက် အရေးယူပေးဖို့ လိုအပ်နေသေးတယ်လို့ ဒေသခံတွေက မှတ်ချက်ပြု ပြောဆိုပါတယ်။