ယာဉ်မတော်တဆမှုတွေကြောင့် ကျပ်သန်းပေါင်း ၃၀၀၀ ကျော် ဆုံးရှုံး
နေဖြိုးဝင်း
·
October 28, 2016

ယာဉ်မတော်တဆမှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း ကျပ်သန်းပေါင်း ၃၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကပြောပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့က ပြုလုပ်တဲ့ အများပြည်သူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပြန့်ပွားရေး ပညာပေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောတာဖြစ်ပါတယ်။
"မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စာရင်းအရ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေကြောင့် စုစုပေါင်းတန်ဖိုး ငွေကျပ်သန်းပေါင်း ၃၇၉၆ ကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ နိုင်ငံတော်အတွက်ရော ပြည်သူအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်ပြီး အဲဒီဆုံးရှုံးမှုတွေအပြင် အခြား မမြင်နိုင်တဲ့၊ ထုတ်ဖော်ပြလို့မရတဲ့ ဆုံးရှုံးမှုတွေ၊ ဆိုးကျိုးတွေလည်း ရှိနေဦးမှာဖြစ်ပါတယ်" လို့ ဦးသန့်စင်မောင်က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်တဲ့ လုပ်ငန်းစဉ်မှာ အဓိကကူညီပံ့ပိုးနေတဲ့ ADB ရဲ့ အစီရင်ခံစာအရ နောင် ၅ နှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ် သေဆုံးမှု ၂ ဆခန့် မြင့်တက်လာဖို့ အလားအလာရှိပြီး ၂၀၂၅ ခုနှစ်မှာ သေဆုံးသူ ၁၅၀၀၀ ဦးထိ မြင့်တက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် National Road Safety Action Plan(2014-2020) အရ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုကို ထက်ဝက်ခန့် လျော့ချနိုင်ဖို့ မျှော်မှန်းဆောင်ရွက်နေပေမယ့် လက်ရှိကိန်းဂဏန်းတွေအရ နှစ်စဉ် မြင့်တက်လာနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။