မိုင်းရှူးမြို့နယ်တွင် ရွာသား ၁ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံး
နန်းမြနဒီ
·
October 26, 2016

ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်ဘက်က SSA/SSPP ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) စခန်းရှိရာဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ ရှမ်းပြည်တပ်မတော်ဘက်က ပြောပါတယ်။
မိုင်းရှူးဘက်ကို ရောက်နေတဲ့ စကခ ၉ တပ်ရင်းဟာ ဒီကနေ့ မွန်းလွဲ တစ်နာရီလောက်က သူတို့ စခန်းရှိရာ လွိုင်နိုင်းဒေသဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ပြီး မရှေးမနှောင်းမှာဘဲ ရွာသားတစ်ဦး ကျည်သင့်သေဆုံးခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် SSA/SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းဆုက ဒီဗွီဘီကို ပြောပါတယ်။
“မိုင်းရှူးနဲ့ မိုင်းအွတ်ကြားက လွိုင်နိုင်းဆိုတဲ့ ဒေသမှာ ကျနော်တို့ စခန်းချထားတာရှိတယ်၊ အမှန်က အဲဒီစခန်းဟာ အရင်က ကားလမ်းနဲ့ နီးတဲ့ဘက်မှာ၊ သမ္မတဦးသိန်းစိန်လက်ထက်က အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်တော့ သမ္မတက ၂ ဘက်စလုံး ကားလမ်းတဘက်တချက်ကိုယ်စီ ဆုတ်ပေးရမယ်လို့ပြောတယ်၊ ကျနော်တို့လည်း ကားလမ်းနဲ့ ၁မိုင်ခွဲ ၂ မိုင်လောက်ဆုတ်ပြီးပြီ ၊ ကျန်ာတို့ဆုတ်ပေမယ့် အစိုးရတပ်က မဆုတ်ဘဲ အဲဒီနေရာ ပြန်ရောက်လာတယ်၊ အခုလည်း ခိုလမ်ကို ပြောင်းလာတဲ့ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းလှိုင်က ကျနော်တို့ကို ထပ်ဆုတ်ခိုင်းပြန်တယ်၊ ကျနော်တို့ ဘယ်ကို ထပ်ဆုတ်ရဦးမလဲ၊ ကျနော်တို့ မဆုတ်တော့ ဒီနေ့ နေ့ခင်းပိုင်းက လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ ၂ ဘက်တိုက်ပွဲတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဒီလိုရန်စနေရင် ရှေ့ဆက်တိုက်ပွဲဖြစ်ဖို့များတယ်။ သူတို့ လက်နက်ကြီးနဲ့ ပစ်ပြီး မကြာဘူး၊ ရွာသားတယောက် ကျည်ထိမှန်သေဆုံးသွားတယ်လို့ နယ်မြေထဲက သတင်းပို့လာတယ်။”
သေဆုံးသူ ရွာသားမှာ မိုင်းရှူးမြို့အထွက် တန့်ယန်ဘက်ကို သွားတဲ့လမ်းပေါ်ရှိ ခိုစုမ်ဆိုတဲ့ ရွာက အိုက်ဆု ဆိုသူဖြစ်ကြောင်း၊ ထိခိုက်သေဆုံးရပုံ အသေးစိတ်ကိုတော့ မသိ ရကြောင်း သူကဆက်ပြောပါတယ်။
ရှမ်းပြည်တပ်မတော် SSA/SSPP နဲ့ မြန်မာ့တပ်မတော်တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက်ကလည်း ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စေစ့ခန်အုပ်စု နားလော့ကျေး ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ရာနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။
ဒီကနေ့ မိုင်းရှူးမြို့နဲ့ အနီး တ၀ိုက်မှာလည်း ထူးခြားစွာလုံခြုံရေးတင်းကြပ်ပြီး အစစ်ဆေးထူ တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။