မုန်တိုင်းငယ် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်နိုင်၊ မြန်မာ့ကမ်းရိုးတန်းဘက် ဦးတည်နေ
DVB
·
October 21, 2016

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဘက်သို့ ဦးတည်နေတဲ့အတွက် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
မုန်တိုင်းငယ်သတိပေးချက်အပြည့်အစုံ
ယနေ့မြန်မာစံတော်ချိန်(၁၅း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင် ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၂၄၀)ခန့်၊ ပုသိမ်မြို့ ၏ အနောက်တောင်ဘက်မိုင်(၃၆၀)ခန့်၊ ရန်ကုန်မြို့၏အနောက် တောင်ဘက် မိုင်(၄၄၀)ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့၏ အနောက်-နောက်မြောက် ဘက် (၂၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ နောက် (၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါ သည်။
(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းဘက်သို့ ဦးတည်နေပါ သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က)အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁၅း၀၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၃.၇)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၃)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။
နောက်(၄၈)နာရီအတွင်း ခန့်မှန်းချက်
(က) အဆိုပါမုန်တိုင်းငယ်သည် နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်ြပီး၊ မြန်မာနိုင်ငံကမ်းရိုးတန်း အနီးသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် (၂၃.၁၀.၂၀၁၆)ရက်နေ့မှ (၂၅.၁၀.၂၀၁၆) ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ြပည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါ သည်။
(ခ) အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
အကြံပြုချက်
(က) မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊မွန်-နင်္သာရီကမ်းရိုးတန်းတစ်လျှောာက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘော များအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။
Ref: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန