ကျပ်ငွေ ၉၈ သိန်းကနေ သိန်း ၁၂၀ တန်ဖိုးရှိသည့် တန်ဖိုးနည်းအိမ်ရာပြပွဲ ပြုလုပ်မည်
DVB
·
October 13, 2016

တန်ဖိုးငွေ အနည်းဆုံး ၉၈ သိန်းမှ ပျမ်းမျှ သိန်း၁၂၀ တန်ဖိုးရှိတဲ့ တန်ဖိုးနည်းအိမ်ရာပြပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ MICT Park မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
အဲ့ဒီအိမ်ရာတွေကို အခြေခံလူတန်းစားတွေဝယ်ယူနိုင်ဖို့အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်နဲ့ချိတ်ဆက်ကာ အရစ်ကျစနစ်နဲ့ ငွေပေးသွင်းပြီး အိမ်ရာပိုင်ဆိုင်နိုင်ခွင့် ရမှာဖြစ်ပါတယ်။
တန်ဖိုးနည်းအိမ်ရာပြပွဲကိုတော့ မြန်မာနိုင်ငံမှာပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်ပြီး House.com.mm မှ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။
အဲ့ဒီအရောင်းပြပွဲမှာ အစိုးရမှ ဆောက်လုပ်ထားတဲ့ နိုင်ငံတွင်းရှိတန်ဖိုးနည်းနဲ့ တန်ဖိုးသင့်အိမ်ရာ တွေကို ထည့်သွင်းပြသသွားမှာဖြစ်တဲ့အပြင် ပြည်တွင်းရှိဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီတွေမှ ဆောက်လုပ်ထားတဲ့ တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာတွေကိုလည်း ပါဝင်ပြသရောင်းချပေးသွား မှာ ဖြစ်ပါတယ်။
ပပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့ အောက်တိုဘာလ ၁၂ ရက်နေ့က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
သတင်း - နွယ်လေး