စိတ်ကြွ မူးယစ်ဆေး ဈေးနှုန်းကျဆင်း၊ သုံးစွဲသူတွေပိုများလာ
DVB
·
October 12, 2016

မြန်မာနိုင်ငံတွင်းမှာ စိတ်ကြွမူးယစ်ဆေးဝါး ရောင်းချသူတွေကို ရဲတပ်ဖွဲ့တွေအနေနဲ့ တနိုင်ငံလုံးမှာ နေ့စဉ် ဖမ်းဆီးနိုင်နေပေမယ့် သုံးစွဲသူတွေ များလာနေသလို ဈေးနှုန်းတွေကလည်း ကျဆင်းနေပါတယ်။
ရန်ကုန်မြို့ပေါ်မှာတော့ WY စိတ်ကြွမူးယစ်ဆေးဝါး ဈေးနှုန်းတွေဟာလည်း အရင်ကထက် ဈေးပေါလာတယ်လို့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဆေးဖြတ်ဖို့ ကူညီတဲ့သူတွေက ပြောပါတယ်။
အရင်က စိတ်ကြွမူးယစ်ဆေးဝါးတလုံးကို လက်လီဈေးအနေနဲ့ မြန်မာငွေ ၃၅၀၀ ကနေ ၅၀၀၀ ကြား ရှိနေရာကနေ လက်ရှိ လက်လီဈေးအနေနဲ့ တလုံးကို ၂၀၀၀ ကျပ်ဝန်းကျင်အထိပဲ ရှိတော့တယ်လို့ ဆေးဖြတ်သူတွေကို လိုက်လံကူညီပေးနေသူတဦးက ပြောပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဆေးဖြတ်ဖို့ကူညီပေးနေသူ ဦးဝင်းမင်းက “ရန်ကုန်မြို့အတိုင်းအတာနဲ့မှာ အင်မတန်ကြောက်စရာကောင်းနေပါပြီ။ လူငယ်တွေကြားထဲမှာလည်း အင်မတန်ကို ခေတ်စားလာတဲ့ မူးယစ်ဆေးတမျိုး ဖြစ်နေတယ်ပေါ့နော်။ နံပါတ်ဖိုးထက်တောင် ခေတ်စားတယ်ပေါ့နော်။ ကျနော်တို့ စသုံးစွဲစဉ်ကာလက နံပါတ်ဖိုးကတော့ တော့ပ်ပဲပေါ့နော်။ အခုနောက်ပိုင်း အင်မတန်ကို လွယ်လွယ်ကူကူ ဝယ်လို့ရနေတဲ့အပြင် လူငယ်တွေကြားထဲမှာလည်း လက်လှမ်းမီတယ်ပေါ့ဗျာ။ မြို့နယ်တိုင်းမှာလိုလို ရနေတယ်ပေါ့နော် အဲဒီစိတ်ကြွဆေးက” လို့ ပြောပါတယ်။
အခုလို ဈေးကျလာတာဟာ မူးယစ်ဆေးရဲ့ အရည်အသွေး အာနိသင် လျော့နည်းလာတာကြောင့် ဖြစ်နိုင်သလို ရန်ကုန်မြို့ပေါ်က ဆေးသုံးစွဲသူတွေအနေနဲ့ လားရှိုးနဲ့ မူဆယ်မြို့တွေအထိ တိုက်ရိုက်သွားရောက် ဝယ်ယူသုံးစွဲနေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ရဲ့ တပ်ဖွဲ့ခွဲမှူး ဒု-ရဲမှူးကြီးကျော်ကျော်မင်းက ပြောပါတယ်။
“မနှစ်ကရော ဒီနှစ်ဆန်းမှာရော ရန်ကုန်တိုင်းထဲမှာ စစ်ဆင်ရေးတွေ အများကြီး လုပ်လိုက်တယ်။ လုပ်လိုက်တဲ့အခါမှာ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့မှ ရောင်းဝယ်ဖောက်ကားနေတဲ့လူတွေ ၃၀၀ ကျော်လောက်၊ ပြောရရင်တော့ အရေးယူနိုင်ခဲ့တဲ့အခါကျတော့ ဒီမှာ ဆေးသုံးနေတဲ့လူ အတော်များများက အဲလိုအရေးယူခံလိုက်ရတဲ့ အခါကျတော့ မူးယစ်ဆေးဝါးက သူတို့ဆီကမှ မရနိုင်တော့တဲ့အခါမှာ ဘာလုပ်လဲဆိုတော့ တချို့သူတွေက မူဆယ်တို့၊ ရွှေလီတို့ကို တိုက်ရိုက်သွားယူတယ်။ ပြီးတော့ ဒီမှာ တိုက်ရိုက်ပြန်ဖြန့်တယ်။ အဲဒီလိုယူတဲ့အခါမှာလည်း အခွင့်အရေးက ဘာရှိလဲဆိုတော့ ဒီကနေ အိက်စ်ပရက်နဲ့သွားတယ်။ နောက်တရက်မှာ အိက်စ်ပရက်နဲ့ ပြန်လာတယ်။ လမ်းမှာ check point တွေက ဒီဘက် အရမ်းအားနည်းသွားတယ်ပေါ့နော်။ အဲဒါကြောင့် အမြတ်က တိုက်ရိုက်သွားသယ်ပြီးတော့ တိုက်ရိုက်ရောင်းတဲ့အခါကျတော့ အဲလိုမျိုးကြောင့် ဈေးပေါပေါနဲ့ ရောင်းနိုင်တာလည်းပါတယ်။”
အစိုးရသစ်လက်ထက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းက မူးယစ်ဆေးဝါး ရောင်းချသူ ၃၀၀ ကျော် ဖမ်းဆီးပေးနိုင်ခဲ့ပြီး မတ်လအတွင်း မရမ်းကုန်းမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းကို သံသယရှိသူ ၆ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်နေဆဲ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ ၂၀၁၅ အစီရင်ခံစာအရ သိရပါတယ်။